15.6.16

ဆုံးရှုံးပျက်စီးမှုများမှအကာအကွယ်ပေးနိုင်ရေး အာမခံလုပ်ငန်းများတိုးမြှင့်ဖွင့်လှစ်

အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်း၏ (၃) နှစ် ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဇွန် ၁၃ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ Sedona Hotel ၌ ကျင်းပရာ နိုင်ငံဖွံ့ဖြိုးရေးတွင် ဆုံးရှုံးပျက်စီးမှုများကိုအကာအကွယ်ပေးနိုင်ရေးအတွက် အာမခံလုပ်ငန်းများကို တိုးမြှင့်ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
အခမ်းအနားတွင် IKBZ ၏ ဒုတိယဥက္ကဋ္ဌ ဦးညိုမြင့်က နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ၏အာမခံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာ ဆုံးရှုံးပျက်စီးမှုများကို အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ဘဏ္ဍာရေးတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အားလုံးပါဝင်လာနိုင်စေရေးတွင် အဆင်ပြေ ချောမွေ့စေရန် အာမခံရုံးခွဲများကို မြန်မာနိုင်ငံအနှံ့အပြား ဖွင့်လှစ်ပေးခဲ့သည်မှာ ၁၄ ခု ရှိခဲ့ပြီဖြစ်ပြီး မကြာမီကာလတွင်လည်း နိုင်ငံ၏အချက်အချာကျသောမြို့များ၌ ရုံးခွဲများ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်ထားပါကြောင်း၊ လက်ရှိဝန်ဆောင်ပေးလျက်ရှိသော အာမခံအမျိုးအစားများအပြင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အာမခံအမျိုးအစားသစ်များကိုလည်း ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မကြာမီကာလတွင် အွန်လိုင်းအာမခံစနစ်ဖြင့် အဆင်ပြေစေရန် စတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က ခွင့်ပြုခဲ့သည့် ပုဂ္ဂလိကအာမခံလုပ်ငန်းကာလတို သုံးနှစ်အတွင်း ရုံးခွဲအများဆုံး မြန်ဆန်စွာ တိုးတက်အောင်ဖွင့်လှစ် နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ထိုကဲ့သို့ စွမ်းဆောင်နိုင်မှုများကြောင့်
အင်္ဂလန်အခြေစိုက် World Finance အဖွဲ့အစည်းကြီးက ပေးအပ်ချီးမြှင့်သော Global Insurance Awards အနေဖြင့် Best Life and Non-Life Insurance Company in Myanmar - 2015 ဆုကိုလည်းရရှိခဲ့ကြောင်း ပြောကြားသည်။
အခမ်းအနားသို့ IKBZ အာမခံလုပ်ငန်း၏ ဒါရိုက်တာအဖွဲ့ဝင်များ၊ အစုရှယ်ယာဝင်များ၊ အမှုဆောင် ကော်မတီဝင်များ၊ ကမ္ဘောဇကုမ္ပဏီများအုပ်စုဝင် ကုမ္ပဏီအသီးသီးမှအရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ရန်ကုန်ရုံးချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဌာနခွဲအသီးသီးမှ ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြောင်း သိရသည်။




Credit To >>> The Mirror Daily

0 comments:

Post a Comment