11.7.16

ရန်ကုန်တွင် ရခိုင်အရေး ကန့်ကွက်ဆန္ဒထုတ်ဖော်သူများကို ပုဒ်မ (၁၉) ဖြင့် တရားစွဲမည်


ရခိုင်ပြည်နယ်ရှိ လူနည်းစု ဘာသာခြားများကို အစိုးရသစ်က ရခိုင်ပြည်နယ်ရှိ မူဆလင်အသိုင်းအဝိုင်းဟု သုံးနှုန်းခြင်းကို ကန့်ကွက်ကြောင်း ရန်ကုန်မြို့တော်၌ ဆန္ဒထုတ်ဖော်ခဲ့ရာ သတ်မှတ်ခွင့်ပြုချက်ကို ကျော်လွန်သောကြောင့် ဆန္ဒထုတ်ဖော်သူများကို ပုဒ်မ (၁၉) ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဗိုလ်က ပြောကြားသည်။ အစိုးရသစ်၏ “ရခိုင်ပြည်နယ်ရှိ မူဆလင်အသိုင်းအဝိုင်း”ဟူသော အသုံးအနှုန်းကို လက်မခံကြောင်း ဇူလိုင်လ ၁၀ ရက်နေ့က ရန်ကုန်မြို့တော်ရှိ ကြေးသွန်းဘုရားအနီးမှ တာမွေမြို့နယ်ရှိ လူထုဟစ်တိုင်(ကျိုက္ကဆံကွင်း)အထိ အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။

တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဆန္ဒထုတ်ဖော်မှုလမ်းကြောင်းကို ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်အားကစားကွင်းမှ လူထုဟစ်တိုင်အထိသာ သတ်မှတ်ခွင့်ပြုခဲ့သော်လည်း ခွင့်ပြုချက်ကို ကျော်လွန်ခဲ့ခြင်းကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၉) ဖြင့် အရေးယူမည်ဖြစ်ကြောင်း ရဲမှူးကြီး ဝင်းဗိုလ်က ရှင်းပြသည်။

“ခွင့်မပြုတဲ့နေရာမှာ ဆန္ဒထုတ်ဖော်တဲ့အတွက် ပုဒ်မ (၁၉)နဲ့ အရေးယူသွားမယ်”ဟု ရဲမှူးကြီး ဝင်းဗိုလ်က ဆိုသည်။

ဆန္ဒထုတ်ဖော်ပွဲ စတင်သည့် ကြေးသွန်းဘုရားအနီိးမှ စီတန်းလမ်းလျှောက်သူများကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ၁၅ မိနစ်ခန့် တားဆီးခဲ့သော်လည်း ပြန်လည်ခွင့်ပြုပေးခဲ့သည်။

ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုမိန့်လျှောက်ထားစဉ်က ကြေးသွန်းဘုရားမှ လူထုဟစ်တိုင်အထိဟု ထည်သွင်းတောင်းဆိုခဲ့ရာ ယင်းလမ်းကြောင်းကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ခွင့်မပြုခဲ့ကြောင်း မြန်မာအမျိုးသားရေးကွန်ရက် ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်က ပြောကြားသည်။

“သူတို့က ခွင့်ပြုမိန့် မပေးတာ။ အဲဒါကြောင့် ကျွန်တော်တို့က ခွင့်ပြုမိန့်တင်တဲ့နေရာကနေ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်”ဟု ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲသို့ သံဃာတော်များ၊ အမျိုးသားရေး တက်ကြွလှုပ်ရှားသူများနှင့် ရခိုင်လူငယ်အဖွဲ့များ အပါအဝင် လူဦးရေ တစ်ထောင်ကျော်ပါဝင်ခဲ့ပြီး ဘင်္ဂါလီများကို ဘင်္ဂါလီဟုသာ သုံးနှုန်းရန်နှင့် “ရခိုင်ပြည်နယ်ရှိ မူဆလင်အသိုင်းအဝိုင်း” ဟူသော အသုံးအနှုန်းကို လက်မခံကြောင်း ကြွေးကြော်ကာ ဗီနိုင်းများ ကိုင်ဆောင်၍ စီတန်းလမ်းလျှောက်ခဲ့ကြသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment