10.8.16

အဂတိလိုက်စားမှုများ ထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးရေး ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ် ၃၂ ဦးအထိ အမည်စာရင်း ပေးထားပြီး လွှတ်တော်တွင် စတင်ဆွေးနွေး

မြောက်ဥက္ကလာပ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်း တင်သွင်းထားသည့် နိုင်ငံအ၀န်း အဂတိလိုက်စားမှုများ၊ ထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးရေး ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုအား ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ် ၃၂ ဦးအထိ အမည်စာရင်း တင်သွင်းခဲ့ပြီး ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း ဆွေးနွေးခဲ့သည့် အဆိုများအနက် ပါဝင်ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ် အများဆုံးအဆို တစ်ခုဖြစ်သည်။ 
 
ယင်းအဆိုအား သြဂုတ် ၉ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စတင်ဆွေးနွေးခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး ဆွေးနွေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အားလုံးက အဆိုအပေါ်ထောက်ခံ ဆွေးနွေးခဲ့သည်။ 
တိုင်းပြည်တိုးတက်ဖို့ အဂတိလိုက်စားမှုပြဿနာကို အလေးပေး ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း၊ အကျင့်ပျက်ခြစားမှုများ၊ အဂတိလိုက်စားမှုများမှာ တိုင်းသူပြည်သားများအတွက် ရောဂါဆိုးကြီးဖြစ်ကြောင်း၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် လူတို့၏ စိတ်ပိုင်းဆိုင်ရာများကို ချိုးနှိမ်ဖျက်ဆီးပစ်ရုံမက ရုပ်ဝတ္ထုပစ္စည်းများဖြစ်သည့် ရေမြေတောတောင် သစ်တော နှင့် သဘာဝပတ်ဝန်းကျင်တစ်ခုလုံး ဖျက်ဆီးခံရကြောင်း မကွေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက ပြောကြားသည်။
 
“နိုင်ငံရဲ့ကြီးလေးတဲ့ တာဝန်ကို ယူဆောင်ထားသူများနှင့် အစိုးရဌာနဆိုင်ရာ ရာထူးအဆင့်ဆင့်ကို ယူထားကြသော နိုင်ငံ့ဝန်ထမ်းအချို့ရဲ့ဥပဒေကို ချိုးဖောက်၍သော် လည်းကောင်း၊ ဥပဒေကို လက်တစ်လုံးခြားလှည့်၍သော် လည်းကောင်း နိုင်ငံတော်စီမံခန့်ခွဲမှုတာဝန်ကို အာဏာဟု မှတ်ယူကာ မလျော်သြဇာသုံး၍ လည်းကောင်း၊ ကိုယ်ကျိုးစီးပွား ရယူခြင်းများဟာ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ဆင်းရဲတွင်းနစ်ရခြင်းရဲ့အကြောင်းအရင်းများ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့အဓိက ရေးအကြီးဆုံး မဏ္ဍိုင်ကြီးသုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင် သုံးရပ်စလုံးမှာလည်း အဂတိလိုက်စားမှုများ သိသိသာသာ လျော့ပါး ကျဆင်းသွားအောင် ပြုလုပ်ဖို့ တိုက်တွန်းလိုပါတယ်”ဟု မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်းက ပြောကြားသည်။
 
ထို့အတူ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာကဏ္ဍ၊ ပဉ္စမ မဏ္ဍိုင်ဖြစ်သည့် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ NGO ၊ INGO များ၊ ပြည်သူများ၏ အခန်းကဏ္ဍများတွင် အဂတိတရားများ ကင်းနိုင်ကြခြင်း ရှိ၊ မရှိဆိုသည်မှာ ဆန်းစစ်စရာ ဖြစ်လာကြောင်း၊ ကိုးကွယ်ရာ၊ ယုံကြည်ရာ ဘာသာရေးအခန်းကဏ္ဍတွင်ပါ အဂတိလိုက်စားမှုများကို တွေ့မြင်လာရကြောင်း၊  ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများကိုလည်း ပြည်သူလူထုတစ်ရပ်လုံး သိရှိနားလည်အောင် အလေးထား ဆောင်ရွက်သင့်ကြောင်း၊ သို့မှသာ ပြည်သူများဟာ မိမိတို့ လိုက်နာဆောင်ရွက်ရမည့် တာဝန်နှင့် ရပိုင်ခွင့်များကို နားလည်သဘောပေါက်ပြီး ဥပဒေ၏ အကာအကွယ်ကို ရယူကာ အဂတိတရားပြုကျင့်သူများ၏ရန်မှ ရှောင်ရှားနိုင်မည်ဖြစ်ကြောင်းနှင့် အဂတိလိုက်စားမှုများ လျော့ပါးကျဆင်းရေးကို စနစ်တကျစီမံ၍ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် လိုအပ်သလို ပြည်သူများအနေဖြင့်လည်း အပြောင်းအလဲကြောင့် ခေတ္တ ရင်ဆိုင်ကြုံတွေ့လာနိုင်သော အခက်အခဲများကို နားလည်သည်းခံပေးရန် လိုအပ်ကြောင်း ဒေါ်ချိုချိုဝင်းက ဆွေးနွေးသည်။
 
“လောင်းကစားတွေ ဖမ်းမယ်ဆိုရင်လည်း လက်ခွဲဒိုင်တွေကိုသာ ဖမ်းမိပြီးတော့ ဒိုင်မကြီးတွေကို ဖမ်းမမိနိုင်တာ၊ ဒါတွေဟာ အဂတိတရားတွေပါပဲ ခင်ဗျာ။ ဥပဒေတွေကို ပြဋ္ဌာန်းပြီး ဥပဒေအတိုင်း မလုပ်နိုင်ဘူးဆိုရင် ဥပဒေဆိုတာ ပင့်ကူအိမ်လိုပဲလား ဆိုပြီး ပြည်သူတွေ တွေးနေစရာဖြစ်နေပါတယ်။ ပင့်ကူအိမ်ဆိုတာ ခြင်ကောင်လေး၊ ယင်ကောင်လေးတွေလို အကောင်သေးသေးလေးတွေကိုသာ ဖမ်းစားနိုင်ပြီး နဂျီကောင်လို အကောင်ကြီးတွေကျတော့ ဖောက်ထွက်သွားနိုင်တဲ့ သဘောဖြစ်နေပြီလား ဆိုတာ ပြည်သူကြားထဲမှာ စဉ်းစားတွေးတောစရာ ဖြစ်နေပါတယ်။ ဒါကြောင့် အဂတိတရားလိုက်စားမှု တိုက်ဖျက်ရေးအတွက် ဥပဒေတစ်ရပ်လည်း ပြဋ္ဌာန်းပြီး ဖြစ်သလို ဥပဒေဆိုတာ ပင့်ကူအိမ်လို မဟုတ်ဘဲ ပြည်သူတွေအတွက် အမှန်တကယ် လုံခြုံမှုပေးစွမ်းနိုင်တယ်ဆိုတာ ပြည်သူအားလုံး မျက်ဝါးထင်ထင် တွေ့မြင်နိုင်ရေးအတွက် အဆိုအား လေးလေးနက်နက် ထောက်ခံပါတယ်”ဟု မင်းဘူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက ဆွေးနွေးပြောကြားသည်။
 
“၂၀၁၆ ဇွန် ၁၈ ရက်မှာ အထူးကုန်စည်အခွန် ဥပဒေအရ တပ်ရိုက်နိုင်တဲ့ ပြစ်ဒဏ်များကို ပြည်တွင်းအခွန်က လုပ်ငန်းရှင်များသို့ ရှင်းပြမှုအပြီး မြန်မာနိုင်ငံတွင် အခွန်ထမ်းများကို တရားစွဲဆို ဆောင်ရွက်မှုမရှိသည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း လက်ရှိတွင် အခွန်ထမ်းဆောင်မှု မရှိသည့် အခွန်ဝန်ထမ်းများကို တရားစွဲအရေးယူနိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းနေပြီး မကြာမီ တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာန အကြီးအကဲတစ်ဦးက ပြောကြားသွားတာကို သိခဲ့ရပါတယ်။ သို့ပါ၍ မြန်မာနိုင်ငံတွင် ကုမ္ပဏီကနေပင် ပြည်သူများဘဏ္ဍာတွင် အရပြနေသော ရငွေများကို အတိအကျမပေးဆောင်ဘဲ အဂတိလိုက်စားမှု ဖြစ်ပေါ်နေကြောင်း ယူဆမိပါတယ်။ စာရင်းစစ်ချုပ်ရုံးအနေနဲ့လည်း ရှိတဲ့ဝန်ထမ်းနဲ့ သတ်မှတ်တဲ့ အချိန်မျိုး မပြီးပြီးအောင် စစ်နေရတာမျိုးရှိရင်လည်း လုံလောက်စွာ အရည်အချင်းပြည့်မီတဲ့ ၀န်ထမ်းဖြည့်တင်းပေးပြီး စာရွက်ပေါ်တွင် စာရင်းစစ်ခြင်းဖြင့် မဟုတ်ဘဲ လက်တွေ့ကျကျ ကွင်းဆင်းစစ်ဆေးရန် လိုကြောင်း အကြံပြု တင်ပြပါတယ်”ဟု ချောက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဘိုကြီးက ဆိုသည်။ 
 
မြန်မာနိုင်ငံဟာဆိုရင် Transparency International (TI)  အဖွဲ့၏ စစ်တမ်းအရဆိုရင် ၁၇၅ နိုင်ငံမှာ ၂၀၁၄ ခုနှစ်က ထုတ်ပြန်သည့် စစ်တမ်းအရ အဂတိလိုက်စားမှုအဆင့် ၁၅၆ မှာ ရောက်ရှိနေသည်ကို တွေ့ရပြီး ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံက အဂတိလိုက်စားမှုမှာ ၁၆၂ အဆင့်မှာ ရောက်ရှိနေသည်ကို တွေ့ရကြောင်း၊  အဆိုပါနှစ်ခုကို သုံးသပ်ခြင်းအားဖြင့် ၂၀၀၈ ခုနှစ် နှင့် ၂၀၁၄ ခုနှစ်ကြား ကွာဟမှုဟာ ခြောက်နှစ်ကာလအတွင်းမှာ အဆင့်ခြောက်သို့  မကြိုးစားဘဲ ရောက်ရှိသွားသည်ကို ကြည့်ြ့ခင်းအားဖြင့် မြန်မာနိုင်ငံတွင် သန့်ရှင်းသည့်အစိုးရနှင့် ကောင်းမွန်သည့်အုပ်ချုပ်မှုစနစ် လိုအပ်သည်ဆိုသည်ကို ထောက်ပြလိုကြောင်း ရွှေကူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်းက ပြောကြားသည်။
 
ယင်းအဆိုနှင့်ပတ်သက်၍  ဆွေးနွေးရန် ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များသည်  သြဂုတ် ၁၀ ရက်တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ ဆက်လက်ဆွေးနွေးမည် ဖြစ်သည်။  
Credit To >>> Eleven Media Group

0 comments:

Post a Comment