10.8.16

အထပ်ပြန်လျှော့ချရသည့် အထပ်မြင့် ၁၂ လုံး ဆောက်လုပ်သူများအား ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ခေါ်ယူတွေ့ဆုံပြီး ပြန်လည်ခွင့်ပြု မပြု ရန်ကုန်တိုင်း အစိုးရအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်မည်ဟုဆို

အထပ်ပြန်လျှော့ခံရသည့် အထပ်မြင့် အဆောက်အအုံ ၁၂ လုံး၏ ဆောက်လုပ်သူများအား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ခေါ်ယူတွေ့ဆုံခဲ့ပြီး အဆိုပါ အဆောက်အအုံများအား ပြန်လည်ခွင့်ပြု မပြု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစည်းအဝေးဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
အထပ်ပြန်လျှော့ခံရသည့် အထပ်မြင့် အဆောက်အအုံ ၁၂ လုံးက အသနားခံစာ တင်ပြခဲ့သည့်အတွက် ၎င်းတို့ကို ပြန်လည် စိစစ်ရန် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ခေါ်ယူတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အဆိုပါ အဆောက်အအုံများ၏ မြေပြင်အခြေအနေကိုလည်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် အဆိုပါ အဆောက်အအုံများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်နီလာကျော်တို့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

“၁၂ လုံး စလုံးကို ၀န်ကြီးချုပ်က ခေါ်တွေ့ပြီးပြီ။ မြို့တော်ဝန်နဲ့ ဒေါ်နီလာကျော်ကလည်း ဆိုက်တွေလည်း တော်တော်များများ ၀င်စစ်ပြီးပြီ။ မြို့တော်ဝန်ကတော့ တော်တော်များများကတော့ ဒီအတိုင်း ပြန်ခွင့်ပြုပြီး နောက်နေ့စပြီး လုပ်လို့တော့ ပြောတယ်။ ကြာသပတေးနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကက်ဘိနက်ပြီးရင်တော့ တရားဝင် ပြန်ထွက်လာမှာပါ။ အဲဒါပြီးရင်တော့ စည်ပင်ကို အကြောင်းကြားပြီး စည်ပင်က ထုတ်ပြန်မှာပေါ့” ဟု  ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

“ဦးတို့ဆီကိုတော့ အကြောင်းကြားစာ မရောက်သေးပါဘူး။ ရန်ကုန်တိုင်း အစိုးရက ပြန်ခွင့်ပြုရင်တော့ ဦးတို့ဌာနကပဲ တရားဝင် စာပြန်ထုတ်ပေးမှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယခင်အစိုးရလက်ထက်က ဆောက်လုပ်ခွင့်ပြုခဲ့ပြီးသော အထပ်မြင့် အဆောက်အအုံများအား ပြန်လည်စိစစ်ရန်အတွက် အဆောက်အအုံ စုစုပေါင်း ၂၀၀ ကျော်ကို ရပ်ဆိုင်းရန် မေ ၁၄ ရက်တွင် ရပ်ဆိုင်းရန် စာထုတ်ခဲ့ပြီး ပြန်လည် စိစစ်ခဲ့ကြောင်း၊ အဆိုပါ အဆောက်အအုံများအနက် ပါမစ်ကြီးကျပြီးသော အထပ်မြင့် အဆောက်အအုံ ၆၄ လုံး အနက် ၁၂ လုံးကို စစ်ဆေးခဲ့ရာ အဆိုပါ ၁၂ လုံးအား အထပ်များ ပြန်လျှော့ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားခဲ့သည်။

အထပ်များ ပြန်လျှော့ချရာတွင် ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ဆောက်လုပ်ခဲ့သည့် KERU အဆောက်အအုံအား ၂၉ ထပ် မှ ၁၇ ထပ်သို့ လည်းကောင်း၊ ဖိုးစိန်လမ်းပေါ်ရှိ ဖိုးစိန်ကွန်ဒိုအား ၃၁ ထပ်မှ ၁၂ ထပ်သို့ လည်းကောင်း၊ Golden Dragon ကွန်ဒိုအား ၁၂ ထပ်ခွဲမှ လေးထပ်သို့ လည်းကောင်း၊ Paragon Residence အား ၂၇ ထပ်မှ အထပ် ၂၀ သို့လည်းကောင်း၊ အရှေ့မြင်းပြိုင်ကွင်း လမ်းပေါ်ရှိ East Race Course အဆောက်အအုံအား ထပ် ၂၀ မှ ၁၆ ထပ် စသည်ဖြင့် လျှော့ချခံခဲ့ရခြင်း ဖြစ်သည်။

ယင်းသို့ ညွှန်ကြားခဲ့သဖြင့် အဆိုပါ လုပ်ငန်းရှင်များအနက်မှ ရှစ်ဦးက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီထံသို့ ၎င်းတို့၏ နစ်နာမှုများကို တင်ပြ တိုင်ကြားခဲ့သဖြင့် ယင်းကိစ္စကို မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်၍ ပြန်လည် စစ်ဆေးခဲ့ရာ စည်းကမ်းဖောက်ဖျက်မှု မတွေ့ရသည့်အတွက် အရေးယူရန် မသင့်ကြောင်း အဆိုပါ ကော်မတီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဇူလိုင် လဆန်းပိုင်းက သုံးသပ်ချက်ပြန်လည် တင်ပြခဲ့ကြောင်း သိရသည်။ 
Credit To >>> Eleven Media Group

0 comments:

Post a Comment