26.9.16

ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်တွင် ဘုရားဖူးပြည်သူများ အခမဲ့တည်းခိုနိုင်ရန် စီစဉ်ပေးမည်


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ရာတွင် တည်းခိုနိုင်ရန်အတွက် အခမဲ့တည်းခိုနိုင်သည့်နေရာများ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။ 
ကျိုက်ထီးရိုးစေတီတော် တောင်တော်ဒေသတစ်ဝိုက်တွင် ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေး) ရုံးအမှတ်(၃၁)၌ စက်တင်ဘာ ၂၃ ရက် နံနက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ဝန်ကြီးဌာနတာဝန်ရှိသူများက ကျိုက်ထီးရိုးဆံတော်ရှင် တောင်တော်ဒေသ၌ စီးပွားရေးဆောင်ရွက်ရာတွင် တရား ဥပဒေနှင့်အညီ ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နှစ်စဉ်လာရောက်ကြသည့် ဘုရားဖူးလာ ရဟန်း၊ ရှင်၊ လူ ပြည်သူများ စိတ်ချမ်းမြေ့စွာ ဘုရားဖူးနိုင်ရေး၊ ပြည်သူများ သက်သောင့်သက်သာဖြင့် တည်းခိုနိုင်ရန် ဆောက်လုပ်ထားသော ဓမ္မာရုံများတွင် အခမဲ့တည်းခိုနိုင်ရေး၊ ကျိုက်ထီးရိုး ဆံတော်ရှင်အတွက် ရည်မှန်းလှူဒါန်းသော အလှူခံဌာနများကို ကန်ထရိုက်စနစ်ပယ်ဖျက်၍ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့၏ကြီးကြပ်မှုဖြင့် ဂေါပကဝန်ထမ်းများခန့်ထားပြီး အလှူခံပုံးများထားရှိ၍ စနစ်တကျကောက်ခံလှူဒါန်းနိုင်ရေး၊ စေတီတော်သို့လှူဒါန်းသည့် ရွှေဆိုင်းများသည် အရည်အသွေး စံချိန်စံညွှန်းမီ၍ ဈေးနှုန်းမှန်ကန်စွာဖြင့် လှူဒါန်း နိုင်အောင် ဆောင်ရွက်ရေး၊ ဟိုတယ်အဆောင်များ ဆောက်လုပ်မှုသည် ဥပဒေလုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှု မရှိခြင်းနှင့် မူလဘူမိမြေအား ခိုင်မာမှုကို ပျက်စီးစေပြီး သဘာဝနယ်မြေအတွင်း သဘာဝအနေအထားတစ်ခုခုကို ပျက်စီးစေခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သဖြင့် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ပေးရေးကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြကြောင်း အဆိုပါဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ခဲ့သည်။ 

ယင်းသို့ ဆွေးနွေးခဲ့ရာတွင် ဆံတော်ရှင်ကျိုက်ထီး ရိုးတောင်တော်ဒေသတွင် ရိုးရိုးလေးကုမ္ပဏီက ဆောက်လုပ်ထားသော ဟိုတယ် ခုနစ်လုံး၊ အခန်း ၂၄၁ ခန်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ သတ်မှတ်ချိန်အတွင်း ပြင်ဆင်တည်ဆောက်၍ ဆောက်လုပ်ထားသော ဟိုတယ်ဆောင်များသည် တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီဖြစ်စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဝတ္တကမြေအတွင်း ရိုးရိုးလေးကုမ္ပဏီတည်းခိုခန်းအဖြစ် တည်ဆောက်ထားသော ရွှေနန်းကျင်ဓမ္မာရုံ၊ ထောက်လှမ်းရေးဓမ္မာရုံတို့ကို ဘုရားဖူးပြည်သူများ အခမဲ့တည်းခိုနိုင်ရန် လက်ရှိအခြေ အနေအတိုင်း ကျိုက်ထီးရိုးဂေါပက(အသစ်)ထံ စနစ်တကျလွှဲပြောင်းပေးမည်ဟု သိရသည်။ 

အထက်ပါ ညှိနှိုင်းဆောင်ရွက်ချက်အရ ဘုရားဖူး ပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ဘုရားဖူးနိုင်ရန် ရည်မှန်း၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ညှိနှိုင်းပြီး ဂေါပကအဖွဲ့ကို ကြီးကြပ်၍ ကျိုက်ထီးရိုးဆံတော်ရှင်ဝတ္တကမြေအတွင်းရှိ ဓမ္မာရုံများတွင် ပြည်သူများအခမဲ့တည်းခိုနိုင်ရေး ဂေါပကအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ 

''ဟိုးအရင် ငယ်ငယ်တုန်းက ကျိုက်ထီးရိုးဘုရားဖူး သွားရတာပျော်ဖို့လည်းကောင်းတယ်။ ခြေကျင်ပဲ တက်ရတယ်။ ဓမ္မာရုံတွေမှာ အခမဲ့တည်းကြရတယ်။ အလှူငွေထည့်တာပေါ့။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ ဘုရားဖူးများလာတော့ ထမင်းဆိုင်တွေမှာ တည်းတယ်။ ထမင်းဆိုင်မှာ ထမင်းစားပြီး အခမဲ့တည်းခွင့်ပေးတာပေါ့။ အခုနောက်ပိုင်းတော့ နေရာတိုင်းမှာ စီးပွားရေးဆန်လာတယ်။ ဘုရားသွားတာ အကုသိုလ်များရတဲ့ကိစ္စတွေ ဖြစ်လာတာပေါ့။ တောင်ပေါ် စတက်တာကနေ တောင်ပေါ်ရောက် ဘုရားဖူးတဲ့အထိ အလှူခံတွေက စီးပွားရေးဆန်လာတယ်။ ဒီဘုရားက နိုင်ငံခြားသားတွေတောင် စိတ်ဝင်တစား အများကြီးလာနေတာဆိုတော့ သေချာထိန်းသိမ်းပြုပြင်သင့်ပါတယ်။ ဒီအစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲလိုက် တာတွေကို ကြိုဆိုပါတယ်'' ဟု ပြည်တွင်းပြည်ပ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသူ မနန်းက ပြောသည်။ 

ယင်းသို့ အခမဲ့တည်းခိုဆောင်များ ဆောင်ရွက်ပေးသွားမည့်အပြင် ဘုရားဖူးပြည်သူများ ထည့်ဝင်လှူဒါန်းသော အလှူငွေများကိုလည်း ကန်ထရိုက်စနစ်ကို ဖျက်သိမ်း၍ ဂေါပကအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဂေါပကဝန်ထမ်းများခန့်ထားပြီး အလှူခံပုံးသို့ ထည့်သွင်းလှူဒါန်းထိန်းသိမ်းသော စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။ 
Credit To >>> The Mirror Daily

0 comments:

Post a Comment