26.9.16

အမေရိကန်နှင့် တောင်ကိုရီးယားကို လက်တုံ့ပြန်မည်ဟု မြောက်ကိုရီးယား သတိပေး

မကြာသေးမီက အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလှုပ်ရှားမှုများ၊ အထူးသဖြင့် တောင်ကိုရီးယားသို့ အမေရိကန် B1 ဗုံးကြဲလေယာဉ်များ စေလွှတ်မှုကို စစ်ရေးအရ တုံ့ပြန်မည်ဟု မြောက်ကိုရီးယား စစ်ဘက်က ကြာသပတေးနေ့တွင် သတိပေးလိုက်ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။ 
အမေရိကန်စစ်တပ်သည်ပြုံယမ်းကို အင်အားပြသည့်အနေနှင့် B1 မဟာဗျူဟာ ဗုံးကြဲလေယာဉ် နှစ်စင်းကို ဗုဒ္ဓဟူးနေ့က တောင်ကိုရီးယားသို့ စေလွှတ်ခဲ့ရာ ၎င်းဗုံးကြဲလေယာဉ်များသည် ဒေသစံတော်ချိန် နေ့လယ် ၁း၁ဝ တွင် ဆိုးလ်၏ တောင်ဘက် ၇ဝ ကီလိုမီတာ အကွာရှိ အူဆန်လေတပ် အခြေစိုက်စခန်း၏ အထက်ကောင်းကင်တွင် အနိမ့်ပျံသန်းခဲ့ကြသည်။

မြောက်ကိုရီးယား ကာကွယ်ရေးဦးစီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်သော ကြေညာချက်တွင် “မြောက်ကိုရီးယားစစ်တပ်ကို ဆန့်ကျင်ရန်စမှုများသည် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားစစ်ပွဲ ထိန်းမနိုင်သိမ်းမရ ဖြစ်ပွားမည့် အခြေအနေသို့ တွန်းပို့နေသည်” ဟု ပါရှိသည်။

အစိုးရသတင်းဌာန KCNA က  ထုတ်ပြန်ပေးသော ကြေညာချက်တွင် စစ်တပ်၏ နျူကလီးယား ထိပ်ဖူးများသည် ဆိုးလ်ကို ပြာပုံဖြစ်အောင် ပြုလုပ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။

“ကိုရီးယားကောင်းကင်သို့ B1 ဗုံးကြဲလေယာဉ်များ စေလွှတ်ခြင်းဖြင့် စစ်ရေးကျူးကျော် ရန်စမှုများ ပြုလုပ်နေပါက ဂူအမ်းလေတပ် အခြေစိုက်စခန်းကို ကမ္ဘာမြေပြင်ပေါ်မှ ဖယ်ရှားပစ်မည်ဟု ပြုံယမ်းက ဆိုသည်။

မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးပျံတွင် တပ်ဆင်နိုင်သည့် နျူကလီးယားထိပ်ဖူးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီဟု စက်တင်ဘာလ ၉ ရက်က ကြေညာခဲ့ပြီး ဇန်နဝါရီလက လေးကြိမ်မြောက် စမ်းသပ်မှုအပြီး ရှစ်လအကြာတွင် ယင်းကဲ့သို့ ငါးကြိမ်မြောက် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

၎င်းငါးကြိမ်မြောက် စမ်းသပ်မှုသည် စမ်းသပ်ခဲ့သမျှအနက် အပြင်းထန်ဆုံးဖြစ်ပြီး ပေါက်ကွဲအား ၁ဝ ကီလိုတန် ရှိသည်ဟု ခန့်မှန်းကြသည်။ 

ထို့အပြင် တာဝေးပစ် ဒုံးကျည်စမ်းသပ်မှုဟု တောင်ကိုရီးယားစစ်ဘက်က သတ်မှတ်ယူဆထားသော သုတေသနဂြိုဟ်တု လွှတ်တင်မည့် ဒုံးကျည်အင်ဂျင်ကို မြေပြင်တွင် စမ်းသပ်မှု ပြုလုပ်ခဲ့သည်ဟု ပြုံယမ်းက အင်္ဂါနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment