23.9.16

မြောက်ဦးမြို့မှ နန်းတော်မြင်ကွင်းကိုကွယ်နေသည့် ဆေးရုံဟောင်းအဆောက်အအုံများကို ဖျက်သိမ်းဖယ်ရှားသွားမည်


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၈ ရက်မြောက် နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်း (၈) ခု မေးမြန်းဖြေကြားခြင်း၊ အရေးကြီးအဆိုနှင့်အဆိုတစ်ခု တင်သွင်းခြင်း၊ အစီရင်ခံစာတစ်ခုဖတ်ကြားခြင်းတို့ ဆောင်ရွက်ကြသည်။

ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဦးဖြိုးဇေယျာသော်၏ ပြည်ပမှဆေးနှင့် ဆေးပစ္စည်း ထုတ်လုပ်ဖြန့်ချိသောဆေးကုမ္ပဏီများသည် ပြည်တွင်းသို့ ဆေးဝါးများဖြန့်ချိရာ တွင် မူလဆေးဝါးဖြန့်ချိရေးကုမ္ပဏီမှ N.O.C ကန့်ကွက်ရန်မရှိကြောင်း အသိပေးစာပါဝင်မှသာ ဖြန့်ချိရေးကုမ္ပဏီအသစ်တစ်ခုပြောင်းလဲနိုင်ခြင်းအား ပယ်ဖျက်ပေးရန်အစီအစဉ် ရှိ/မရှိမေးခွန်း၊ ဘူးသီးတောင်မဲဆန္ဒနယ်မှ ဦးအောင် သောင်းရွှေ၏ ဘူးသီးတောင်၊ မောင်တောဒေသများအား လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေအရ ကျန်းမာရေး စောင့်ရှောက်ဆောင်ရွက်မည့်ဒေသအဖြစ် သတ်မှတ်ပေးရန်အစီအစဉ် ရှိ/မရှိ မေးခွန်းများနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အမျိုးသားဆေးဝါးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ ဗဟိုအစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီ၊ ဆေးဝါးအကြံပေးကော်မတီတို့၏ ကြပ်မတ်မှုများ ဖြင့် ဆေးဝါးမှတ်ပုံတင်ခြင်း၊ ထုတ်လုပ်ခြင်း၊ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်း အစရှိသည့်လုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့်အပြင် ဈေးကွက် ရှိ ဆေးဝါးများကို အရည်အသွေးစစ်ဆေးခြင်း၊ ဆေးဝါး ဘေးထွက်ဆိုးကျိုးများကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် စည်းကမ်းဖောက်ဖျက်သူများကို အမျိုးသားဆေးဝါး ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း။
အမျိုးသားဆေးဝါးဥပဒေအရမှတ်ပုံတင်ထားရှိသော ဆေးဝါးများကို ဆေးဝါးတင်သွင်းခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်လက်မှတ်လျှောက်ထားရာတွင် လိုက်နာရမည့်အချက်များကို ဖော်ပြထားပြီး တင်သွင်းဖြန့်ချိမည့်ကုမ္ပဏီ၏ တင်ပြအထောက်အထားများ စိစစ်မှန်ကန်ပါက ကုမ္ပဏီသို့တစ်ကြိမ်တင်သွင်း ခွင့် ခွင့်ပြုဆောင်ရွက်ပါကြောင်း၊ ကောင်းမွန်သော ဆေးသိုလှောင်မှုကျင့်စဉ်နှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီ ပါက ဆေးဝါးတင်သွင်းခွင့်လုပ်ငန်း လုပ်ကိုင်ခွင့်လက်မှတ်ကို သက်တမ်းသုံးနှစ် သတ်မှတ်ခွင့်ပြုပါကြောင်း။
ဆေးဝါးတင်သွင်းခွင့် လျှောက်ထားရာတွင် တရားဝင်ကိုယ်စားလှယ် ခန့်အပ်စာသည် အဓိကကျပါကြောင်း၊ ဆေးဝါးပိုင်ရှင်က တစ်ဦးတည်းတင်သွင်း ဖြန့်ချိရေးကိုယ်စားလှယ်ခန့်ထားပါက မိမိတို့အနေဖြင့် မည်သို့မျှ လုပ်ဆောင်၍ မရကြောင်း၊ အခြားကုမ္ပဏီက တင်သွင်းခွင့်မရှိပါကြောင်း၊ တစ်ဦးတည်း တင်သွင်းဖြန့်ချိခွင့်ခန့်အပ်သောကုမ္ပဏီ၏ No Objection letter ရရှိမှသာ အခြားကုမ္ပဏီတစ်ခုက ဆေးဝါးတင်သွင်းခွင့်ရှိမည်ဖြစ်ကြောင်း၊ ဤကိစ္စကို ပြောင်းလဲရန်လိုအပ်မည်ဆိုပါက ဥပဒေကိုပြင်ရမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။
၂ဝ၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၈ ဖြင့် ပြဋ္ဌာန်းခဲ့ သည့် လူဦးရေတိုးပွားထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေတွင် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်မည့်ဒေသ သတ်မှတ်ခြင်းကို အခန်း(၃)တွင် ဖော်ပြထားပါကြောင်း၊ ၂ဝ၁၆ ခုနှစ်မှစတင်၍ UNFPA အထောက်အပံ့ဖြင့် မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းစီမံချက် ဆောင်ရွက်လျက်ရှိပြီး သားဆက်ခြားလုပ်ငန်း၊ မိသားစုကျန်းမာရေးလုပ်ငန်း၊ မိခင်နှင့်ကလေး ကျန်းမာရေးကဏ္ဍများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး မိခင်သေဆုံးမှုနှင့် ကလေးသေဆုံးမှုများကျဆင်းရေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများကို အထူးဂရုပြုဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဖြေကြားသည်။
တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ ဧဝရက်တောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတော်အလံကိုလွှင့်ထူကာကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ပုံရိပ်ကို မြင့်မားထည်ဝါစေခဲ့သောလူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှောက်ရန် အစီအစဉ်ရှိ/မရှိမေးခွန်း၊ မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစော၏ မြောက်ဦးမြို့မှ အဆောက်အအုံဟောင်းတစ်ခုပမာ စွန့်ပစ်ထားသော ယခင် ပြည်သူ့ဆေးရုံဟောင်းနှင့်ပတ်သက်၍ ညှိနှိုင်းဖြေရှင်းရန်နှင့် ဆေးရုံဟောင်းတွင် ကျန်းမာရေးလုပ်ငန်းများ၊ ရုံးများ ဖွင့်နိုင်/မဖွင့်နိုင်တို့ကို သိရှိလိုခြင်းမေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တောင်တက် အားကစားသမားများဖြစ်သည့် ကိုဝင်းကိုကိုနှင့် ကိုပြည့်ဖြိုးအောင်တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ငွေကျပ် ၁ဝ သိန်းစီနှင့် ထူးဖောင်ဒေး ရှင်းက ငွေကျပ် သိန်း ၁ဝဝ စီဂုဏ်ပြုချီးမြှင့်ခဲ့ပါကြောင်း၊ ၂ဝ၁၆ ခုနှစ် သြဂုတ် လ ၂၅ ရက်တွင် ၎င်းတို့၏ ပုံတူကိုယ်တစ်ပိုင်းရုပ်တုများထုဆစ်၍ နေပြည်တော်ရှိ မြန်မာ့အားကစားမော်ကွန်းခန်းမတွင် ထပ်မံဂုဏ်ပြုထားရှိပါကြောင်း၊ တောင်တက်အားကစားသမားများ၏ တောင်တက်ပစ္စည်းကိရိယာများ၊ အဝတ်အစားများ၊ ရွက်ဖျင်တဲများ၊ အစားအစာများ၊ ဆေးဝါးများ၊ အောက်စီဂျင် ပစ္စည်းများနှင့် ငွေကြေးအပါအဝင် အစစအရာရာ ကူညီပံ့ပိုးပေးခဲ့သည့် ထူးဖောင်ဒေးရှင်း၊ တောင်တက်သမားများကိုမွေးထုတ်ပေးခဲ့သည့်TCCMခြေလျင်တောင်တက်အသင်းနှင့် မြန်မာနိုင်ငံခြေလျင်တောင်တက်အဖွဲ့ချုပ်တို့ကို ဂုဏ်ပြုလွှာများ ပေးအပ်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် မြောက်ဦးယဉ်ကျေးမှု နယ်မြေကို ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သတ်မှတ်၍ကာကွယ်ထိန်းသိမ်း ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၏ နှစ်စဉ်ရရှိရန်ပုံငွေ၊ ရေရှည်လုပ်ငန်းစီမံချက်များအရ လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နန်းတော်မြင်ကွင်းကိုကွယ်နေသည့် ဆေးရုံ ဟောင်းအဆောက်အအုံများကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် နောက်ဆုံးထား၍ ဖျက်သိမ်းဖယ်ရှားသွားမည်ဖြစ်ကြောင်း၊ အဆောက်အအုံဟောင်းတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၊ ကျောင်း ကျန်းမာရေးဌာန၊ တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက် ရေးဌာန၊ မြို့မကျန်းမာရေးဌာနတို့ကို လုပ်ငန်းလိုအပ်ချက်အရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ညှိနှိုင်းခွင့်ပြုချက်အရ ယာယီဖွင့်လှစ်ထားပြီး မြောက်ဦးမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ဆောက်လုပ်လျက်ရှိသည့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အဆောက်အအုံပြီးစီးပါက ပြောင်းရွှေ့ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် ဒေါပုံမဲဆန္ဒနယ်မှ ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချိုက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမိုမြှင့်တင်ကာကွယ် စောင့်ရှောက်နိုင်ရန် လူ့အခွင့်အရေးချိုးဖောက်မှုကို အကာအကွယ်မပေးသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်အချို့အား ထိရောက်စွာ အရေးယူပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆိုတင်သွင်းရာ အိမ်မဲ မဲဆန္ဒနယ်မှဒေါ်သန္တာက အဆိုကို ထောက်ခံဆွေးနွေးသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏သဘောထားရယူပြီး လွှတ်တော်ကဆက်လက်ဆွေးနွေး မည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဖြူးမဲဆန္ဒနယ်မှ ဦးသန်းညွန့်က မီးရထားသယ်ယူပို့ဆောင်ရေးကဏ္ဍကို ယခုထက်ပိုမိုရင်းနှီးမြှုပ်နှံပြီး နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်စေရန် အဆင့်အတန်း မြှင့်တင်ပေးရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုတင်သွင်းရာ ကျောက်တံခါးမဲဆန္ဒနယ်မှ ဦးခင်မောင်ဦးက ထောက်ခံဆွေးနွေးသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘောထားရယူခဲ့ရာ လွှတ်တော်က လက်ခံဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းဖိုးမြတ်က အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့်အတည်ပြုပေးပို့သော မြန်မာ့ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြပြီး ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါ က အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment