12.9.16

လာမယ့် ငါးနှစ်အတွင်း အရှေ့တောင်အာရှဒေသတွင်း E-commerce ဈေးကွက် ယခုထက် နှစ်ဆတိုးတက်ကျယ်ပြန့်လာတော့မည်ဟု ခန့်မှန်း



အရှေ့တောင်အာရှဒေသရဲ့ အီလက်ထရောနစ် စီးပွားရေးလုပ်ငန်းဈေးကွက် လာမယ့်ငါးနှစ်အတွင်း ယခုထက် နှစ်ဆ ကျယ်ပြန့်လာမယ်လို့ အစီရင်ခံစာတစ်ရပ်မှာ ထုတ်ပြန်ခန့်မှန်းသွားခဲ့ပါတယ်။ ဒေသတွင်း ဗီယက်နမ်၊အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေက ဒေသတစ်ခုလုံးရဲ့ e-commerce လုပ်ငန်းမှာ အဓိကမောင်းနှင်သူတွေ ဖြစ်လာမယ်လို့လည်း ခန့်မှန်းထားပါတယ်။
ဈေးကွက်သုတေသန လုပ်ငန်းတစ်ခုဖြစ်တဲ့ Frost & Sullivan က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာတော့ ဒေသတွင်း စီးပွားရေးကနေစပြီးတော့ လူသုံးကုန်အီလက်ထရောနစ် ကုန်သွယ်မှုလုပ်ငန်းတွေကနေ ရရှိလာမယ့်အခွန်ဝင်ငွေပမာဏပိုင်းမှာ လာမယ့် ငါးနှစ်အတွင်း တစ်နှစ်ကို ၁၇ ဒသမ ၇ ရာခိုင်နှုန်းနဲ့ တိုးတက်လာမယ့်လို့ ဖော်ပြထားပါတယ်။ ၂၀၁၅ ခုနစ်ကယင်းစီးပွားရေးလုပ်ငန်းတွေကနေ ၀င်ငွေ ဒေါ်လာ ၁၁ ဒသမ ၂ ဘီလီယံရှိခဲ့ရာကနေ ၂၀၂၀ ပြည့်နှစ်မှာ ဒေါ်လာ ၂၅ ဒသမ ၂ ဘီလီယံထိ ရှိလာမယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

အလားတူ ဒေသတွင်း အဓိကဈေးကွက်တွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဟာ အလားအလာကောင်းတွေ အများကြီးရှိနေတယ်လို့ ယင်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ယင်းတို့ထဲကနေ ဗီယက်နမ်ရဲ့ တိုးတက်မှုနှုန်းထားက အလျင်မြန်ဆုံးဖြစ်လာမှာဖြစ်ပြီး ၂၀၂၀ မတိုင်ခင် အရှေ့တောင်အာရှဒေသရဲ့ အကြီးဆုံးသောe-commerce ဈေးကွက်ကြီးဖြစ်လာတော့မယ်လို့ ခန့်မှန်းသွားပါတယ်။ အလားတူ ဖိလစ်ပိုင်ကိုလည်း ဗီယက်နမ်နည်းတူ တိုးတက်မှုနှုန်းမြန်ဆန်ဦးမယ်လို့လည်း ယင်းအစီရင်ခံစာမှာ ထည့်သွင်းခန့်မှန်း
ထားပါတယ်။

ဒါပေမယ့်လည်း အရှေ့တောင်အာရှဒေသအနေနဲ့ လက်ရှိအချိန် e-commerce လုပ်ငန်းပိုင်းမှာ ကမ္ဘာ့ဒုတိယစီးပွားရေအင်အားကြီး တရုတ်ထက် တိုးတက်မှုနှုန်း နောက်ကျနေခဲ့တာကိုလည်းတွေ့နိုင်ပါတယ်။ ဒါကလည်း ဖွံ့ဖြိုးမှုနှုန်း နှေးကွေးနေခဲ့တဲ့ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံတွေ၊ အကြွေးဝယ်ကတ်အသုံးပြုမှုနှုန်း နည်းပါးနေခဲ့သေးတာတွေကြောင့် ဖြစ်ပါတယ်။

e-commerce ပိုင်းမှာ ယမန်နှစ်က ၀င်ငွေပိုင်းအရ ထိပ်တန်းနိုင်ငံနှစ်နိုင်ငံကတော့ မလေးရှား (ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ) နဲ့ ထိုင်း (ဒေါ်လာ၂ ဒသမ ၁ ဘီလီယံ) တို့ဖြစ်ကြတယ်လို့ သိရပါတယ်။


Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment