14.9.16

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့်  တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲများမှာ စက်တင်ဘာ ၁၀ ရက်မှ စတင်ကာ ပြန်လည်ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊  စက်တင်ဘာ ၁၀ ရက်တွင် မန်တုံမြို့နယ် မိုင်းယုတ်ကျေးရွာအနီး၌ လည်းကောင်း၊ စက်တင်ဘာ ၁၂ ရက်တွင် မန်တုံမြို့နယ် မန်မိုင်နှင့် မန်နားကျေးရွာအကြားတွင် လည်းကောင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TNLA ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ RCSS/SSA ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက “နားလည်မှုလွဲတဲ့ အပိုင်းတွေလည်း ပါမယ်ထင်တယ်။ တချို့နေရာမှာ တပ်တွေက တအားနီးကပ်နေတဲ့ အချိန်ကျတော့ သူ့ရဲ့သဘောသဘာဝအရကိုက မတော်တဆ ထိခိုက်တဲ့သဘော၊ ထိပ်တိုက်ထိတွေ့တဲ့ သဘောလို့ပဲ မြင်ပါတယ်”ဟု ပြောကြားသည်။

RCSS/SSA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင် လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး PSLF/TNLA အဖွဲ့မှာ NCA တွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မပြု သေးသော အဖွဲ့ဖြစ်သည်။ တိုက်ပွဲများဖြစ်ပွား ရခြင်းနှင့် ပတ်သက်၍ PSLF/TNLAအဖွဲ့ တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

အလားတူ တပ်မတော်နှင့် PSLF/TNLA  တို့အကြား စက်တင်ဘာ ၇ ရက်တွင် ကွတ်ခိုင်မြို့နယ် ပန်ကူကျေးရွာနှင့် ပန်လုံကျေးရွာကြားတွင် လည်းကောင်း၊  ကျောက်မဲမြို့နယ် မိုင်းလုံမြို့နယ် ခွဲပါလိုင်ကျေးရွာနှင့် တော်ကွတ်ကျေးရွာကြားတွင် တိုက်ပွားများ ဖြစ်ပွားခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ကွတ်ခိုင်မြို့နယ်  နောင်ကုန်ကျေးရွာအနီးတွင် စက်တင်ဘာ ၁၀ ရက်က တပ်မတော်နှင့် PSLF/TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

“ တိုက်ပွဲဖြစ်တယ်ဆိုတာ နှစ်ဖက်စလုံးအတွက် အကျိုးမရှိဘူး။ ဒေသခံ ပြည်သူလူထုအတွက်လည်း အကျိုးယုတ်စေတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တိုက်ပွဲကိစ္စတွေ အမြန်ဆုံးရပ်စဲအောင်လို့ နှစ်ဦးနှစ်ဖက် အမြန်ဆုံးတွေ့ဆုံပြီးတော့ ညှိနှိုင်းဆွေးနွေးကြတာ အကောင်းဆုံးနည်းလမ်းပါပဲလို့ ပြောချင်ပါတယ်”ဟု RCSS/SSA ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

ထို့ပြင် စက်တင်ဘာ ၁၂ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ RCSS/SSA ဥက္ကဋ္ဌဒုတိယ ဗိုလ်ချုပ်ကြီးရွက်ဆစ်နှင့် တရားဝင်နိုင်ငံရေး ပါတီတစ်ခုဖြစ်သည့် တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်း (ပလောင်) သံဃာ အဖွဲ့မှ ဒုတိယဥက္ကဋ္ဌဆရာတော်နှင့် အတွင်းရေးမှူးဆရာတော်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် တအာင်း (ပလောင်) အမျိုးသားပါတီဘက်မှ လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် ဒေသတွင်း အခြေအနေ၊ RCSS/SSA နှင့် တအာင်း (ပ လောင်) ပါတီတို့အကြား ပူးတွဲ ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ မည်သို့ ဆောင်ရွက်နိုင်မည် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း  ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

“နောက်တစ်ချက်ကတော့ ကျွန်တော်တို့ RCSS/SSA နှင့် TNLA ကြားမှာဖြစ်နေတဲ့ ပဋိပက္ခကို ဘယ်လိုလျှော့ချ ရပ်ဆိုင်းအောင်လုပ်မလဲဆိုတဲ့ သဘောမျိုးနဲ့ လာညှိကြတာဖြစ်ပါတယ်။ (ကြားဝင်ညှိနှိုင်းပေးတဲ့ သဘော) ဟုတ်ပါတယ်။  အဲဒီသဘောမျိုးပါ။ ဘာလို့လဲဆိုတော့ TNP ကလည်း အစဉ်အလာ သြဇာကြီးမားတဲ့ ပလောင်နိုင်ငံရေးပါတီ တစ်ခုဆိုတော့ သူကလည်း သူ့ရဲ့အခန်းကဏ္ဍကနေ ကျွန်တော်တို့  RCSS/SSA နဲ့ TNLA  ကြားမှာဖြစ်နေတဲ့ ပဋိပက္ခကို ချုပ်ငြိမ်း အောင်၊ ရပ်ဆိုင်းအောင် သူက ဆောင်ရွက်လိုတဲ့အခန်းကဏ္ဍမှာ ပါဝင်လိုတဲ့သဘော ဖြစ်ပါတယ်”ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

ထို့ပြင် RCSS/SSA နှင့် PSLF/TNLA တို့ကြားတွေ့ဆုံ ဆွေးနွေးရန် တံခါးဖွင့်ထားကြောင်း ၎င်းကပြောကြားသည်။

အဆိုပါတွေ့ဆုံမှုနှင့် ပတ်သက်၍ ချင်းမိုင်သို့ သွားရောက်ခဲ့သည့် တအာင်း(ပလောင်) အမျိုးသားပါတီ တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

သို့ရာတွင် တအာင်း (ပလောင်) အမျိုးသားပါတီဝင် နမ့်ဆန် မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိုင်းဝင်းထူးက  ယင်းတွေ့ဆုံမှု၌ ကျေးရွာအချို့ရှိ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် စာသင်ကျောင်းသို့ ဆရာ၊ ဆရာမများ သွားရောက်မှုအား RCSS/SSA က ပိတ်ပင်ထားသည့်အတွက် သွားရောက်ဖြေရှင်းခြင်းသာဖြစ်ပြီး အခြားကိစ္စရပ်များ မပါဝင်ကြောင်း ဆိုသည်။

“ကျွန်တော်တို့ ပါတီအနေနဲ့ သွားဆွေးနွေးတဲ့သူတွေကို အဓိက ဦးတည်ပြီး ပြောခိုင်းတာတော့ ဒီပညာရေးကိစ္စ တစ်ခုပဲ။ ကျန်တဲ့ဟာကတော့ သူတို့ကို ပါတီရဲ့ ခွင့်ပြုချက်ပေးထားတာတော့ မရှိပါဘူး။ သူတို့ကို ဆက်သွယ်လို့ မရသေးဘူး”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိုင်းဝင်းထူးက ပြောကြားသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment