10.11.16

ဒေါ်နယ်ထရန့်၏ အောင်ပွဲကြောင့် ဒေါ်လာတန်ဖိုး ကျဆင်း၊ ရွှေဈေး မြင့်တက်ပြီး ကမ္ဘာ့ဈေးကွက် ဂယက်ရိုက်

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့် အောင်ပွဲခံခဲ့သောကြောင့် ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများ အထိတ်တလန့် ဖြစ်သွားခဲ့ကြပြီး စတော့များ ထိုးကျသွားခဲ့သည်။ ဈေးကွက်က လိုလားသော ဟီလာရီကလင်တန်သည် ရွေးကောက်ပွဲတွင် ရုန်းကန်နေရကြောင်း မဲရလဒ်များက ဖော်ပြခဲ့ပြီးနောက် တိုကျိုစတော့ ဈေးကွက်၏ စံအညွှန်း Nikkei ၂၂၅ သည် ၄ ဒသမ ၈၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၈၃၆ ဒသမ ၆၉ သို့ ရောက်ရှိခဲ့သည်။

တိုကျိုတွင် ဒေါ်လာသည် ဂျပန် ယန်းငွေနှင့် လဲလှယ်ရာတွင် ၃ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁၀၁ ဒသမ ၄၇ ယန်းသို့ ကျသွားခဲ့သည်။ အိမ်ခြံမြေ လုပ်ငန်း သူဌေးကြီး ထရန့်သည် သမ္မတဖြစ်လာရန် သေချာခဲ့မှုက ကမ္ဘာ့စီးပွားရေးအတွက် ဂယက်ရိုက်ခဲ့ပြီး မက္ကဆီကို ပီဆိုတန်ဖိုးသည် စံချိန်တင် ကျဆင်းမှုနှင့် ကြုံခဲ့ရသည်။ မက္ကဆီကို ပီဆိုတန်ဖိုးသည် တစ်ဒေါ်လာလျှင် ၂၀ ပီဆို အထက်သို့ ရောက်ရှိခဲ့ပြီး ၁၉ နှစ် အတွင်း အနိမ့်ဆုံး ဖြစ်ခဲ့သည်။
စိတ်ချရသော ရင်းနှီးမြှုပ်နှံမှုများကို မြှုပ်နှံမှု မြင့်တက်ခဲ့ပြီး ရွှေဈေးသည် ငါးရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။ ထရန့်က အောင်ပွဲခံခဲ့သောကြောင့် ရွှေဈေးသည် တစ်အောင်စလျှင် ၁၃၃၇ ဒေါ်လာသို့ ၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ကမောက်ကမ အခြေအနေကြုံချိန်တွင် စိတ်ချရသော ရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်ကြသည့် ဂျပန်ယန်းငွေသည် တန်ဖိုးအားကောင်းလာမှုက ၀န်ကြီးချုပ် ရှင်ဇိုအာဘေး၏ စတော့ဈေးနှုန်းများ မြင့်တက်ပြီး ယန်းတန်ဖိုး လျော့ကျရန် တွန်းအားပေးသည့် “တိုးတက်မှုအတွက် သုံးစွဲ” မူဝါဒကို ထိခိုက်လာနိုင်သည်။
ကလင်တန်သည် ပို၍စိတ်ချရသော အလောင်းအစားအဖြစ် ဈေးကွက်က ရှုမြင်ခဲ့သည်။ ကလင်တန်သည် ရွေးကောက်ပွဲတွင် ပွတ်ကာသီကာ အနိုင်ရပြီး အမေရိကန်၏ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာမည်ဟူသော မျှော်လင့်ချက်က ရွေးကောက်ပွဲနေ့ အစတွင် ရှိနေခဲ့သည်။ သို့သော်လည်း မဲရုံများ ပိတ်ချိန်တွင် ထရန့်က အိမ်ဖြူတော်ကို တက်လှမ်းရန် ဖြစ်လာခဲ့သောကြောင့် ကမ္ဘာ့စီးပွားရေးကို ဂယက်ရိုက်သွားခဲ့သည်။
အထောက်အထား မရှိသော ရွှေ့ပြောင်း အခြေချများအား နှင်ထုတ်မည်ဟူသော ကတိ၊ နယ်စပ်တွင် တံတိုင်းဆောက်မည် ဟူသော ကတိ၊ ကုန်သွယ်ရေး သဘောတူညီချက်အား ဖျက်သိမ်းမည်ဟူသော ကတိများ အပါအ၀င် ထရန့်၏ မက္ကဆီကို ဆန့်ကျင်ရေး ကတိများက ပီဆိုကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။
ထရန့်၏ အောင်ပွဲကြောင့် နိုဝင်ဘာ ၉ ရက်က အာရှတွင် ရေနံဈေးနှုန်း ကျဆင်းခဲ့ပြီး အမေရိကန် ရေနံဈေး အညွှန်းကိန်း West Texas Intermediate သည် ဒီဇင်ဘာအတွက် ကြိုပေးဈေးကွက်၌ တစ်စည်လျှင် ၄၃ ဒသမ ၇၆ ဒေါ်လာသို့ ကျဆင်းခဲ့သည်။
လန်ဒန်ရေနံဈေး အညွှန်းကိန်း Brent သည် တစ်စည် ၄၄ ဒသမ ၉၆ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။ ဈေးကွက်က မသေချာမှုကို မလိုလားဘဲ ထရန့်၏ ခန့်မှန်း၍မရသည့် သဘာဝနှင့် ကုန်သွယ်မှု ဆန့်ကျင်ရေး ရပ်တည်မှုတို့ကြောင့် ကမ္ဘာ့ဈေးကွက် ကမောက်ကမ ဖြစ်လာနိုင်သည်ဟု ရင်းနှီးမြှုပ်နှံသူ အများအပြားက ယုံကြည်ထားကြသည်။
သို့သော်လည်း ဒေါ်နယ်ထရန့်၏ အောင်ပွဲသတင်းကြောင့် မော်စကိုတွင် စတော့ ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ရုရှား စတော့ အိတ်ချိန်းရှိ RTS အညွှန်းကိန်းသည် ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး MICEX အညွှန်းကိန်းသည် တစ်ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။  
ရုရှား ရူဘယ်တန်ဖိုးသည် ဒေါ်လာနှင့် လဲလှယ်ရာတွင် ၆၃ ဒသမ ၉ ရူဘယ်အထိ ရောက်ရှိခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ရုရှားကို ပိတ်ဆို့ အရေးယူထားမှုများအား ထရန့်က သက်သာရာ ရစေနိုင်သည်ဟု မျှော်လင့်ချက်ကြောင့် ထရန့်၏ အောင်ပွဲက ရုရှား ဈေးကွက်ကို မြင့်တက်စေခဲ့ခြင်း ဖြစ်သည်။ ထရန့်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားစဉ်တွင် အခိုင်အမာ ပြောကြားခဲ့သည်။ ယူကရိန်း အရေးတွင် ၀င်ရောက် စွက်ဖက်မှုကြောင့် အနောက်ကမ္ဘာက ချမှတ်ခဲ့သော ပိတ်ဆို့ အရေးယူမှုများသည် ရေနံဈေးနှုန်း ကျဆင်းမှုကြောင့် ကျပ်တည်းနေသော ရုရှား စီးပွားရေးကို ပိုမိုဆိုးရွားစေခဲ့သည်။
Credit To >>> Eleven Media  Group

0 comments:

Post a Comment