10.11.16

အမေရိကန် ရွေးကောက်ပွဲ ဂယက်ကြောင့် ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး ကျဆင်းပြီး ရွှေဈေးတက်ကာ ပြည်တွင်း ဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း ၁၂၈၅ ကျပ်နှင့် ရွှေဈေး ကျပ် ၈၉၂၀၀၀ ကျော်ရှိနေ

နိုဝင်ဘာ ၉ ရက်တွင် ဖြစ်ပေါ်သော အမေရိကန် ရွေးကောက်ပွဲ ဂယက်ကြောင့် ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး ကျဆင်းပြီး ရွှေဈေး တက်လာခြင်းကြောင့် ပြည်တွင်း ဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၁၂၈၅ ကျပ်အထိ ကျဆင်းခဲ့ပြီး ရွှေဈေး ကျပ် ၈၉၂၀၀၀ ကျော်သို့ ရောက်ရှိခဲ့ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြား ငွေကြေးနှင့် ရွှေရောင်းဝယ်သူများထံမှ သိရသည်။

နိုဝင်ဘာ ၃ ရက်မှ နိုဝင်ဘာ ၆ ရက် အတွင်း နိုင်ငံခြားငွေလဲနှုန်း ၁၂၈၀-၁၂၈၃ ကြားတွင် ငြိမ်သက်နေရာမှာ နိုဝင်ဘာ ၇ ရက်မှ စတင်ကာ အမေရိကန် ရွေးကောက်ပွဲ ဂယက်ကြောင့် အလှုပ်အခတ် များလာခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၇ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၂၈၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၁၂၈၈ ကျပ်အထိ ဆက်လက် မြင့်တက်ခဲ့သည်။ နိုဝင်ဘာ ၈ ရက်တွင်လည်း ၁၂၈၈ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ၁၂၉၃ ကျပ်အထိ မြင့်တက်ခဲ့ပြီးနောက် နိုဝင်ဘာ ၈ ရက် ညပိုင်းတွင် ပြန်လည် ကျဆင်းခဲ့သည်။

နိုဝင်ဘာ ၉ ရက်တွင် အမေရိကန် ရွေးကောက်ပွဲ ဂယက်ကြောင့် ကမ္ဘာ့ဒေါ်လာဈေး နှစ်ပွိုင့်ခန့် ကျဆင်းခဲ့ပြီး တစ်ဒေါ်လာ ၉၅ ဒသမ ၈ ပွိုင့်ဝန်းကျင်အထိ ရောက်ရှိခဲ့ရာ ပြည်တွင်း ဈေးကွက်တွင်လည်း ကျဆင်းခဲ့သည်။ နိုဝင်ဘာ ၈ ရက်က တစ်ဒေါ်လာ ၁၂၉၂ ကျပ်ဖြင့် ဈေးပိတ်ခဲ့သော နိုင်ငံခြား ငွေလဲနှုန်းသည် နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ၁၂၉၂ ကျပ်ဖြင့်ပင် ဈေးဖွင့်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ၁၂၈၅ ကျပ်အထိ ကျဆင်းခဲ့ကာ ညနေပိုင်းတွင် ၁၂၈၈ ကျပ်အထိ ပြန်လည် မြင့်တက်လာခဲ့သည်။ ကမ္ဘာ့ ဈေးကွက်တွင်လည်း အမေရိကန် ရွေးကောက်ပွဲပြီးချိန်၌ ဒေါ်လာဈေး ၉၇ ဒသမ ၂၇ ပွိုင့်အထိ ပြန်တက်လာကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်တွင် တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံး ဈေးနှုန်းဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းများမှာ နိုဝင်ဘာ ၃ ရက်တွင် ၁၂၈၃ ကျပ်၊ နိုဝင်ဘာ ၄ ရက်တွင် ၁၂၈၂ ကျပ်၊ နိုဝင်ဘာ ၅ ရက်တွင် ၁၂၈၂ ကျပ်၊ နိုဝင်ဘာ ၆ ရက်တွင် ၁၂၈၁ ကျပ်၊ နိုဝင်ဘာ ၇ ရက်တွင် ၁၂၈၈ ကျပ်၊ နိုဝင်ဘာ ၈ ရက်တွင် ၁၂၉၃ ကျပ်၊ နိုဝင်ဘာ ၉ ရက်တွင် ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းမှာ ၁၂၉၂ ကျပ် ဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ၁၂၈၅ ကျပ်ဖြစ်ကြောင်း သိရသည်။ ပြင်ပဈေးကွက်တွင် ငွေလဲနှုန်း တက်လိုက်ကျလိုက် ဖြစ်နေသော်လည်း မြန်မာနိုင်ငံ ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို နိုဝင်ဘာ ၉ ရက်၌ ၁၂၈၅ ကျပ်အဖြစ် ဆက်လက်သတ်မှတ်ခဲ့ပြီး ယင်းဈေးမှာ အောက်တိုဘာ ၂၇ ရက်ကတည်းက သတ်မှတ်ထားခြင်းဖြစ်သည်။

အမေရိကန် ရွေးကောက်ပွဲ ဂယက်ကြောင့် ကမ္ဘာ့ရွှေဈေးသည် တစ်ရက်အတွင်း ဒေါ်လာ ၆၀ ကျော် မြင့်တက်ခဲ့သည်။ နိုဝင်ဘာ ၈ ရက် ညပိုင်းတွင် တစ်အောင်စ ၁၂၆၉ ဒေါ်လာအထိ ကျဆင်းခဲ့သော ရွှေဈေးနှုန်းသည် နိုဝင်ဘာ ၉ ရက်တွင် ၁၃၃၆ ဒေါ်လာအထိ ခုန်တက်လာခြင်းဖြစ်ပြီး ရွေးကောက်ပွဲပြီးချိန်၌ ၁၂၉၈ ဒေါ်လာအထိ ပြန်လည် ကျဆင်းခဲ့သည်။ ပြည်တွင်း ဈေးကွက်တွင်လည်း ကမ္ဘာ့ဈေးနှုန်း အလှုပ်အခတ်ကြောင့် နိုဝင်ဘာ ၇ ရက်နှင့် နိုဝင်ဘာ ၈ ရက်တွင် ကျပ် ၈၇၈၀၀၀- ၈၈၀၀၀၀ ကြား၌ ဖြစ်ပေါ်ခဲ့သော ရွှေဈေးနှုန်းသည် နိုဝင်ဘာ ၉ ရက်တွင် ကျပ် ၁၀၀၀၀ ကျော်မြင့်တက်ခဲ့သည်။ ကမ္ဘာ့ဈေးနှုန်း မြင့်တက်မှုကြောင့် နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ကျပ် ၈၈၇၅၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သော ပြည်တွင်း ရွှေဈေးနှုန်းသည် ကျပ် ၈၉၂၂၀၀ အထိ မြင့်တက်ခဲ့ပြီး ရွေးကောက်ပွဲပြီးချိန်တွင် ကမ္ဘာ့ရွှေဈေးနှုန်း ပြန်လည် ကျဆင်းမှုနှင့်အတူ ကျပ် ၈၈၇၀၀၀ ၀န်းကျင်အထိ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။



Credit To >>>> Eleven Media Group

0 comments:

Post a Comment