10.11.16

အလှကုန်ပစ္စည်း အတုအပများသည် ကင်ဆာရောဂါအထိ ဖြစ်လာနိုင်သဖြင့် ၀ယ်ယူသုံးစွဲသူများ အထူးသတိပြုရန်လိုအပ်

မြန်မာနိုင်ငံ အလှကုန်ဈေးကွက်အတွင်း တင်သွင်းရောင်းချနေသည့် အလှကုန်ပစ္စည်း အတုအပများတွင် ပါဝင်သည့် ဓာတုပစ္စည်းများကြောင့် နောက်ဆုံးအဆင့် ကင်ဆာရောဂါအထိ ဖြစ်ပွားစေနိုင်သဖြင့် ၀ယ်ယူသုံးစွဲသူများ အထူးသတိပြုရန် လိုအပ်ကြောင်း မြန်မာနိုင်ငံအလှကုန်အသင်း၏ အလှအပရေးရာ အထူးအကြံပေး မ၀င်းမင်းသန်းက ပြောကြားသည်။


အလှကုန်ပစ္စည်း သုံးစွဲသူများအနေဖြင့် ၎င်းတို့သုံးစွဲမည့် အလှကုန်ပစ္စည်းအမျိုးအစားတွင် ပါဝင်သည့် ဓာတုပစ္စည်းများ၊ ထုတ်ပိုးမှုစနစ်၊ ဈေးနှုန်း၊ ထုတ်လုပ်သည့်နိုင်ငံ စသည့်အချက်များကို လေ့လာဆန်းစစ်ပြီးမှ ၀ယ်ယူသင့်ကြောင်း၊ အလှကုန်ပစ္စည်း အတုအပများတွင် လူကိုအန္တရာယ်ဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများ ပါဝင်သဖြင့် အသားအရေပျက်စီးခြင်းနှင့် နောက်ဆုံးအဆင့် ကင်ဆာရောဂါအထိ ဖြစ်လာနိုင်သောကြောင့် အထူးသတိပြုရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။ “လူတွေရဲ့လိုအပ်ချက်တွေကို ဒီမသမာတဲ့ လူတွေက သိလာကြတယ်။ ဒါကြောင့်မို့ အတုအပတွေကိုလည်း တကယ့်ပစ္စည်း အစစ်အမှန်ဆို ဈေးကြီးတာရှိမယ်။ ဈေးအသင့်အတင့် ရှိမယ်။ အဲဒါတွေကို သူတို့တွေက ပုံစံဆင်တူရိုးမှား လုပ်ပြီးတော့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေနဲ့ လုပ်လာကြတာ အများကြီးတွေ့ရပါတယ်။ အတုအပပစ္စည်းက နေရာတိုင်းမှာ ရှိတယ်။ အတုအပပစ္စည်းတွေထဲမှာ ဘာအက်ဆစ်တွေ ပါတယ်ဆိုတာ မသိနိုင်ဘူးလေ။ အတုဖြစ်တဲ့အတွက်ကြောင့် ဘာပစ္စည်းပါမှန်းကို မသိတာ။ အထူးသဖြင့် အသားအရေအပြင်ပိုင်း ပျက်စီးမယ်။ နောက်ပြီး ကိုယ့်အသားအရေက တစ်ဆင့် ခန္ဓာကိုယ်ထဲကို ၀င်သွားတဲ့အခါ နောက်ဆုံး ကင်ဆာရောဂါအထိ ဖြစ်လာနိုင်ပါတယ်”ဟု မ၀င်းမင်းသန်းက ပြောကြားသည်။

မယ်ဒီမြန်မာဂရု(ပ်)လီမိတက်မှ ဒေါက်တာစုလှဟန်ကလည်း “အလှကုန်ပစ္စည်း အတုအပတွေကို မသုံးစွဲဖို့အတွက်လည်း ၀ယ်ယူသုံးစွဲသူဘက်က ဗဟုသုတအများကြီး လိုအပ်ပါတယ်။ အလှကုန်ပစ္စည်းက အစားအသောက်နှင့် ဆေးဝါးလောက် အန္တရာယ်မပြုဘူးဆိုပေမယ့် အတိုင်းအတာတစ်ခုထိတော့ အန္တရာယ်ရှိပါတယ်”ဟုပြောသည်။ အွန်လိုင်းဈေးကွက်တွင်လည်း အလှကုန်ပစ္စည်းများနှင့် ပတ်သက်၍ အတုအပ ရောင်းချနေခြင်းများ ရှိနေသဖြင့် အဓိက တင်သွင်းရောင်းချသူများကို တားဆီးရာ၌ အခက်အခဲများစွာ ရှိကြောင်း၊ နိုင်ငံတော်၏ အကူအညီ၊ ဥပဒေများနှင့် ပူးပေါင်းဆောင်ရွက်မှသာ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာစုလှဟန်က ပြောကြားသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment