28.11.16

မွတ်ဆလင်များအပေါ် သဘောထား တင်းမာသူ ဖီလွန် ပြင်သစ်ရွေးကောက်ပွဲ ဝင်ခွင့်ရ

မွတ်ဆလင်များအပေါ် သဘောထား တင်းမာသူ တစ်ဦးအဖြစ် နာမည်ကြီးသော ဖရန်ဆွာ ဖီလွန်သည် ပြင်သစ် သမ္မတလောင်း တစ်ဦးအဖြစ် ရွေးကောက်ပွဲ ဝင်ခွင့်ရရန် သေချာသွားပြီ ဖြစ်သည်။
ဖီလွန်သည် ရီပတ်ဘလစ်ကန် ပါတီ၏ သမ္မတလောင်း နေရာအတွက် နောက်ဆုံး ပြိုင်ပွဲတွင် အလိန်းဂျူပီကို အနိုင်ရခဲ့သည်။ မဲရေတွက်မှုများ မပြီးဆုံးမီ ကတည်းက ဖီလွန်သည် ၆၇ ရာခိုင်နှုန်းမျှ ထောက်ခံမဲ ရရှိနေသည့်နောက် ဂျူပီက ၎င်းအရေးနိမ့်ကြောင်း ဝန်ခံခဲ့သည်။ ဖီလွန်သည် ပထမအဆင့် ပြိုင်ပွဲတွင်လည်း နာမည်ကျော် နိုင်ငံရေးသမား တစ်ဦးလည်းဖြစ်၊ ၎င်း၏ ဆရာလည်းဖြစ်သည့် သမ္မတဟောင်း နစ်ကိုလက်စ် ဆာကိုဇီကို အနိုင်ယူ
ကျော်ဖြတ်နိုင် ခဲ့သည်။

လက်ရှိ သမ္မတ ဖရန်ဆွာ ဟော်လန်းမှာ ပြင်သစ်တွင် ထောက်ခံမှု ဆိုးဆိုးရွားရွား ကျဆင်းနေသောကြောင့် လာမည့် ရွေးကောက်ပွဲတွင် ဖီလွန်နှင့် လက်ယာစွန်း ဆိုရှယ်လစ်ပါတီမှ မာရင်းလီပန်းတို့သာ အဓိက ပြိုင်ဆိုင်ရဖွယ် ရှိနေသည်။ လီပန်းသည် ပြင်သစ်သို့ ရွှေ့ပြောင်းဒုက္ခသည်များ အလုံးအရင်း ဝင်ရောက်လာမှုကို မလိုလားသူ တစ်ဦးဖြစ်သည်။

ဖီလွန်သည် ၎င်းရေးသား ထုတ်ဝေဖူးသော စာအုပ်တွင် အစ္စလာမ် ဝါဒကြောင့် အကြမ်းဖက်မှုများ ပျံ့ပွားလာသည်ဆိုသော သဘောထားမျိုး စွပ်စွဲရေးသားခဲ့သည့်အတွက် အငြင်းပွားစရာများ ပေါ်ပေါက်ခဲ့ဖူးသည်။ ဆာကိုဇီ သမ္မတအဖြစ် တာဝန်ယူချိန်က ဝန်ကြီးချုပ်ရာထူး ထမ်းဆောင်ဖူးသည့် ဖီလွန်သည် အကြမ်းဖက်မှုများဒဏ် ဆိုးရွားစွာ ခံစားခဲ့ရသည့် ပြင်သစ်တွင် လျင်လျင်မြန်မြန် လူကြိုက်များလာပြီး သမ္မတ နေရာအတွက်ပင် လီပန်းထက်
ရေပန်းစားလျက် ရှိသည်။

ဖီလွန်က “ပြင်သစ်က အမှန်တရားကို လိုချင်တယ်။ ဒီတော့ မှန်ကန်သင့်တော်တဲ့ အရေးယူ ကိုင်တွယ်မှုမျိုးကို လိုအပ်တယ်”ဟု ဟောပြော စည်းရုံးခဲ့သူ ဖြစ်သည်။ မူလက ၎င်းသည် ရီပတ်ဘလစ်ကန် ပါတီ၌ ဆာကိုဇီ၊ ဂျူပီတို့နောက် တတိယ ဦးစားပေးမျှသာ သတ်မှတ်ခံရသော်လည်း အခြေအနေ အရပ်ရပ်က ၎င်း၏ ရှေးရိုးဆန်ပြီး သဘောထား တင်းမာမှုကို လူကြိုက်များလာစေခဲ့သည်။

ဂျူပီသည် ဖီလွန်နှင့် ယှဉ်ပါက သဘောထား ပိုမိုပျော့ပျောင်းပြီး အလယ်အလတ်ဆန်သူ တစ်ဦးဖြစ်သည်။ ၎င်းက ပါတီတွင်း ပြိုင်ဆိုင်မှုတွင် အရေးနိမ့်ခဲ့သည်ကို ဝန်ခံပြီး ဖီလွန် အနေဖြင့် ကြီးကျယ်သည့် အောင်ပွဲတစ်ခု ရရှိခဲ့ခြင်းဖြစ်ကြောင်း ဂုဏ်ပြု ပြောကြားခဲ့သည်။ ထို့အပြင် ဖီလွန် သမ္မတ ဖြစ်လာသည်အထိ ပါဝင်ပူးပေါင်း ထောက်ပံ့သွားမည်ဟုလည်း ကတိပေးခဲ့သည်။

ပြင်သစ်ရွေးကောက်ပွဲကို ဧပြီတွင် ကျင်းပမည်ဖြစ်ရာ လက်ရှိ အခြေအနေများအရ ဖီလွန်အတွက် မျှော်လင့်ခွင့်က ပိုမို အားကောင်းနေသည်။ ၎င်းသည် သမ္မတ ဖြစ်လာပါက ပြင်သစ်၏ လက်ရှိ စီးပွားရေး မူဝါဒများကို အကြီးအကျယ် ပြောင်းလဲပစ်မည်ဟုလည်း ကြွေးကြော်ထားသည်။


Credit To >>> 7 Day Daily

0 comments:

Post a Comment