28.11.16

မူဆယ် - ကွတ်ခိုင်လမ်းပိုင်းကို တပ်မတော်စစ်ကြောင်းက ထိန်းချုပ်ထားနိုင်ပြီး အသွားအလာ ပုံမှန်နီးပါးပြန်ဖြစ်လာ

နိုဝင်ဘာ၂၀ ရက်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားမှုများနှင့် နယ်မြေ မတည်ငြိမ်မှု အခြေအနေများကြောင့် ကုန်စည်စီးဆင်းမှုနှင့် အသွားအလာများ ရပ်တန့်လုနီးပါး ဖြစ်ပေါ်ခဲ့သည့် ရှမ်းပြည်မြောက်ပိုင်း မူဆယ် - ကွတ်ခိုင် လမ်းပိုင်းကို တပ်မတော်စစ်ကြောင်းက နိုဝင်ဘာ၂၆ ရက်တွင် ပြန်လည် ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး အသွားအလာများ ပုံမှန်နီးပါး ပြန်ဖြစ်လာကြောင်း သတင်းရရှိသည်။

မူဆယ်ခရိုင်နှင့် လားရှိုးခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် ကုန်စည်စီးဆင်းမှု လုံးဝနီးပါးရပ်တန့်ခဲ့သော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကို နိုဝင်ဘာ၂၅ ရက်တွင် ပြန်လည် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီးနောက် တပ်မတော်စစ်ကြောင်းက မူဆယ်-ကွတ်ခိုင်လမ်းပိုင်းတွင် လက်နက်ကိုင်အဖွဲ့များ၏ ဟန့်တားနှောင့်ယှက်ဖျက်ဆီးမှုများက နိုဝင်ဘာ၂၆ ရက်တွင် ရှင်းလင်းဆောင်ရွက်ကာ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
“ကနေ့ မူဆယ်-ကွတ်ခိုင်လမ်းပိုင်း တစ်လျှောက်က လက်နက်ကိုင်တွေ လှုပ်ရှားနေပြီး ဟန့်တားဖျက်ဆီးမှုတွေ လုပ်နေတဲ့ နမ့်ဖတ်လွန်း၊ နမ့်ဖတ်ကာ၊ မော်တောင်း၊ ရှုခင်းသာအောက် ညောင်ပင်ကွေ့နေရာတွေမှာ စစ်ကြောင်းတွေကို ချထားပြီးလုံခြုံရေး ဆောင်ရွက်ထားပြီ။ ဒီလမ်းပိုင်းမှာ တစ်လျှောက်လုံးမှာ တပ်မတော်က နိုဝင်ဘာ၂၆ ကစပြီး ရှင်းလင်းခဲ့ပါတယ်” ဟု အဆိုပါလမ်းပိုင်းတွင်
လုံခြုံရေးရယူ ဆောင်ရွက်လျက်ရှိသည့် အရာရှိတစ်ဦးက ပြောကြားသည်။
“နိုဝင်ဘာ၂၅ ရက်မှာ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း ပြန်ပြီး လည်ပတ်ဆောင်ရွက်ပေမယ့် မူဆယ် - ကွတ်ခိုင်လမ်းပိုင်းမှာက အခြေအနေက ပုံမှန်မရှိသေးတော့ အသွားအလာ နည်းသေးတယ်။ အခု ၁၀၅ မိုင်စခန်းမှာလည်း အရှိန်ပြန်ရစ ပြုလာသလို လမ်းပိုင်းမှာလည်း တပ်မတော်စစ်ကြောင်းက ထိန်းချုပ်နိုင်ပြီး စစ်ကြောင်းတွေ ဖြန့်ထားပြီမို့  ပုံမှန်နီးပါး သွားလာနေပါပြီ။ အရင်ရက်တွေကတော့ ကုန်တင်ကားကြီးတချို့လောက်ပဲ အရဲစွန့် သွားလာကြတာဖြစ်ပြီး ကနေ့တော့ ကားလေးတွေရော ခရီးသည်တင်ကားတွေပါ ပုံမှန်တက်ဆင်းနေပါပြီ” ဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းသို့ မူဆယ် - ကွတ်ခိုင်လမ်းပိုင်းတွင် တပ်မတော်စစ်ကြောင်းမှ လုံခြုံရေးရယူကာ ထိန်းချုပ်နိုင်ပြီ ဖြစ်သော်လည်း ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ကြူကုတ်၊ ပန်ဆိုင်းနှင့်မုံးကိုး၊ မုံးပေါ်ဒေသတို့တွင် လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှုတချို့ကြောင့် တိုက်ပွဲဖြစ်ပွားမှုများ ရှိနေဆဲဖြစ်ရာ မူဆယ်မြို့ခံတစ်ဦးက “ နိုဝင်ဘာ၂၆  က မူဆယ်အထွက် ပန်ခမ်းတံတားကို လက်နက်ကြီးလေးချက်လောက် လှမ်းပစ်တာကြားရပြီး တံတားကိုတော့ မထိဘူးလို့သိရတယ်။ နောက်ပြီး ကြူကုတ်၊ ပန်ဆိုင်းဘက်မှာလည်း ပစ်ခတ်မှုတွေက ရှိနေတုန်းပဲ”ဟု ဆိုသည်။
လက်ရှိအချိန်တွင် မူဆယ်မြို့ပေါ်၌ တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လုံခြုံရေးရယူ ဆောင်ရွက်ထားပြီး ဒေသခံများအနေဖြင့် ပုံမှန်အတိုင်း သွားလာလုပ်ကိုင်လျက် ရှိနေပြီဖြစ်ကြောင်း သိရသည်။  
Credit To >>> Eleven Media Group
                    

0 comments:

Post a Comment