29.11.16

စစ်သည်တင်သံချပ်ကာယာဉ်များ သိမ်းဆည်းရမိမှု တရုတ်က စင်ကာပူအားတရားဝင်ကန့်ကွက်

စင်ကာပူနိုင်ငံသို့ ပေးပို့ရန်အတွက် တရုတ်(တိုင်ပေ)မှ သယ်ဆောင်လာသော စစ်သည်တင် သံချပ်ကာယာဉ်များ ကို ဟောင်ကောင်အကောက်ခွန်ဌာနက သိမ်းဆည်းရမိ သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံက တရားဝင် ကန့်ကွက်လိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက နိုဝင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
စင်ကာပူနိုင်ငံသို့ ပေးပို့သည့် စစ်သည်တင် သံချပ်ကာယာဉ် ကိုးစီးကို ဟောင်ကောင်အကောက်ခွန် အရာရှိများက လွန်ခဲ့သည့် ရက်သတ္တပတ်တွင် သိမ်းဆည်း ခဲ့သည်။ တရုတ်(တိုင်ပေ)နှင့် စစ်ရေးဆက်ဆံမှု ပြုလုပ်ခြင်း နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စင်ကာပူအစိုးရကို တရားဝင်ကန့်ကွက်ခဲ့သည်။ တရုတ် နိုင်ငံသည် တရုတ်(တိုင်ပေ)ကို ခွဲထွက်သည့် ပြည်နယ် တစ်ခုအဖြစ် သတ်မှတ်ထားသည်။

တရုတ်(တိုင်ပေ)နှင့် ပြုလုပ်သော စစ်ရေးနှင့်အခြား ပူးပေါင်းဆောင်ရွက်မှုမှန်သမျှကို မိမိတို့က ကန့်ကွက် ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ကျန်ရှုယန်က နိုဝင်ဘာ ၂၈ ရက်က ပြုလုပ်သော ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

စစ်သည်တင်သံချပ်ကာယာဉ်များ သိမ်းဆည်းရ မိမှုနှင့်ပတ်သက်၍ စင်ကာပူနိုင်ငံက ဟောင်ကောင် အထူး အုပ်ချုပ်ခွင့်ရဒေသ၏ သက်ဆိုင်ရာဥပဒေများအား လေးစားလိုက်နာရန်နှင့် ဟောင်ကောင်ဒေသန္တရ အစိုးရ အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံက ပြောကြားသည်။

ယခင် အင်္ဂလိပ်ကိုလိုနီ နယ်မြေဖြစ်ခဲ့သော ဟောင်ကောင်ကို ၁၉၉၇ ခုနှစ်တွင် ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။



Credit To >>> The Mirror Daily

0 comments:

Post a Comment