2.11.16

တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ PSLF/ TNLA အဖွဲ့တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး အောက်တိုဘာလအတွင်း ဆက်တိုက်ဖြစ်ပွားနေပြီး အောက်တိုဘာလအတွင်း တိုက်ပွဲပေါင်း အကြိမ် ၂၀ ခန့်ဖြစ်ပွားကြောင်း သိရ

တပ်မတော်နှင့် တအာင်းလက်နက်ကိုင် အဖွဲ့ PSLF/ TNLA အဖွဲ့တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး အောက်တိုဘာလအတွင်း အကြိမ် ၂၀ ခန့်ဖြစ်ပွားခဲ့ကြောင်း PSLF/ TNLA အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောကြားသည်။

တအာင်းဒေသ၊ တပ်မဟာ (၂) နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာအနီးတွင် အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက TNLA တပ်ရင်း ၄၃၄ နှင့် တပ်မတော်တို့ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PSLF/TNLA အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် တအာင်းဒေသ၊ တပ်မဟာ ၂ နယ်မြေ၊ နမ့်ဆန်မြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့တွင် အောက်တိုဘာ ၃၀ ရက်က TNLA နှင့် တပ်မတော်တို့အကြား တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများမှာ အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းတွင် မိုးမိတ်မြို့နယ်၊ နမ့်ခွမ်ကျေးရွာအနီး၌ လည်းကောင်း၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာနှင့် ဟူးမန်းကျေးရွာကြား၌ လည်းကောင်း၊ ညနေပိုင်းတွင် နမ့်ဆန်မြို့နယ်၊ ဟူးမန်းကျေးရွာနှင့် ပန်အလောက်ကျေးရွာကြားတွင် လည်းကောင်း ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PSLF/TNLA အဖွဲ့က သတင်းထုတ်ပြန်သည်။

“ဒီနေ့ (အောက်တိုဘာ ၃၁ ရက်) လည်း ထပ်ဖြစ်တယ်လို့သိရတယ်။ အသေးစိတ်တော့ မသိသေးဘူး။ ကျွန်တော်တို့က ပြောက်ကျားဆိုတော့ သွားရင်းလာရင်းလမ်းမှာတွေ့ တာပေါ့။ အဓိကတော့ ကျွန်တော်တို့လှုပ်ရှားတဲ့ ဘက်ခြမ်းမှာ တပ်မတော်ဘက်ကသွားရင်းမှ ရင်ဆိုင်တိုက်ပွဲ ပုံစံမျိုးဖြစ်တာပေါ့” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောကြားသည်။

ထို့အတူ အောက်တိုဘာလအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် တပ်မတော်မှ လေကြောင်းပစ်ကူများ အသုံးပြုခဲ့ကြောင်း PSLF/TNLA အဖွဲ့၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

“လွှတ်တော် သိန်း ၁၀၀၀ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ဟာကော၊ လူထုတွေ့ဆုံပွဲတွေကော ကျွန်တော်ကျေးရွာအထိ ဆင်းပြီးတော့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ဒီမှာရှိတဲ့ ဌာနဆိုင်ရာတွေနဲ့သွားကြတယ်။ ဒီမှာက ကျွန်တော်တို့ဟိုမှာတော့ ငြိမ်းချမ်းရေးကိစ္စတွေ လုပ်ကြတယ်။ မနေ့ကပဲ တိုက်ပွဲတွေအကြိမ်ကြိမ် ဖြစ်နေကြတယ်။ ကျွန်တော်တို့သွားတဲ့ ရွာပတ်ဝန်းကျင်တွေမှာလည်း ဖြစ်နေတယ်ဆိုတဲ့ အသံတွေကြားနေတာပေါ့နော်။ ဒါကတော့ တော်တော်စိတ်မကောင်းစရာပဲ။ မြေပြင်မှာနဲ့ အပေါ်မှာတော့ တော်တော်ကြီးကွာဟနေတာကို တွေ့ရတယ်။ ဒါကိုတော့ လက်ရှိအစိုးရက ကောင်းကောင်းမွန်မွန်နဲ့ ထိထိရောက်ရောက်ဖြစ်အောင် လုပ်နိုင်ဖို့လိုတယ်လို့ မြင်တယ်။ အားတော့မရတာအမှန်ပဲ” ဟု နမ့်ဆန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိုင်းဝင်းထူးက အောက်တိုဘာ ၃၁ ရက် ညနေပိုင်းတွင် ပြောကြားသည်။

တအာင်းလက်နက်ကိုင်အဖွဲ့ PSLF/TNLA အဖွဲ့သည်NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့်အဖွဲ့ တစ်ဖွဲ့ဖြစ်သည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment