15.12.16

မြ၀တီ ကုန်သွယ်လမ်းကြောင်းပေါ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ကုန်သွယ်ယာဉ်များအား ငွေကြေးကောက်ခံမှုအပေါ် ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ပြောကြား

ဒီဇင်ဘာ ၄ ရက်မှ ၁၁ ရက်အထိ မြ၀တီ ကုန်သွယ်လမ်းကြောင်းအတွင်း ဘားအံမြို့နယ်၊ လွန်းညကျေးရွာအနီးတွင် ဖြတ်သန်းသွားလာသည့် ကုန်သွယ်ယာဉ်များအား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ ငွေကြေးကောက်ခံမှု ဖြစ်ပွားခဲ့ပြီးနောက်
ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်သည့် ကရင် ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် တွေ့ဆုံပွဲတွင် ရဲမှူးကြီး ကြည်လင်းက တရားဝင်ပြောကြားကြောင်း သိရသည်။
“ဒီလက်နက်ကိုင် အဖွဲ့အစည်းက ဗိုလ်နားမကြားရဲ့တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ကုန်သွယ်လမ်းပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်မှန်သမျှ တစ်စီးကို ကျပ် ၅၀၀၀ နှုန်းနဲ့ ကောက်ခံနေတဲ့ အဲဒီအဖွဲ့ကို ရှင်းလင်းရာမှာ လက်နက် သုံးလက်နဲ့အတူ ဗိုလ်နားမကြား တပ်ဖွဲ့ဝင်သုံးဦးကို ဖမ်းဆီးရရှိထားပြီး လိုအပ်တဲ့ စစ်ဆေးမှုကို ပြုလုပ်နေပါတယ်” ဟု ရဲမှူးကြီး ကြည်လင်းက ပြောကြားသည်။

လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဗိုလ်နားမကြားတပ်ဖွဲ့ဝင် တချို့သည် ဒီဇင်ဘာ ၄ ရက်မှ စတင်ကာ မြ၀တီကုန်သွယ်လမ်းကြောင်းအတွင်း ဘားအံမြို့ နယ်၊ လွန်းည ကျေးရွာအနီး၌ နံနက် ၁ နာရီခန့်တွင် ဖြတ်သန်းသွားလာ မော်တော်ယာဉ်တစ်စီးလျှင်ကျပ် ၅၀၀၀ နှုန်း ကောက်ခံလျက်ရှိကြောင်း သတင်းရရှိသဖြင့် ပြည်နယ်ရဲမှူးကြီး ကြည်လင်းအပါအ၀င် BGF တပ်နယ် (၃) မှ ပူးပေါင်း တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းမှု ပြုလုပ်သဖြင့် ဒီဇင်ဘာ ၁၃ ရက်တွင် ဘားအံမြို့နယ် နောင်လုံတောင်ကြားအနီး၌ ဗိုလ်နားမကြားတပ်ဖွဲ့ဝင် သုံးဦးအား ပွိုင့်တူးတူး တစ်လက်၊ ကာဘိုင်တစ်လက်၊ ၉ မမပစ္စတို တစ်လက်နှင့် ဗီခုနစ်မော်တော်ယာဉ်တစ်စီး နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေတည်ငြိမ်မှုကို အနှောင့်အယှက်ပြုလာသည့် ဗိုလ်နားမကြားတပ်ဖွဲ့ဝင် သုံးဦးအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ပြည်နယ်ရဲတပ်ဖွဲ့မှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Credit To >>> Eleven Media Group


0 comments:

Post a Comment