15.12.16

တီဗီတစ်လုံးဝယ်ယူရန် ကျပ်သိန်းတစ်ရာတောင်းသဖြင့် ပြန်မေးရဟု မကွေးတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌပြော

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အသုံးစရိတ်လျာထား စာရင်းတွင် တီဗီတစ်လုံး ဝယ်ယူ ရန်ဟုဆိုကာ ကျပ်သိန်းတစ်ရာ တင်ပြထားသဖြင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ ပြန်လည်မေးမြန်း ခဲ့ရကြောင်း မကွေးတိုင်းဒေသ ကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ က တင်ပြလာသော ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်အတွက် ရန်ပုံငွေသုံးစွဲ မှု လျာထားတင်ပြစာရင်းများတွင် သက်ဆိုင်ရာဌာနဆိုင်ရာများက ပြည့်စုံစွာ တင်ပြမှု အားနည်းနေ ခြင်းအပေါ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌက အထက်ပါအတိုင်း ဥပမာထုတ်နုတ်ကာ ဖြေကြားခဲ့ ခြင်းဖြစ်သည်။

‘‘ပြောချင်တာက သက်ဆိုင် ရာအစိုးရအဖွဲ့ အနေနဲ့လည်း ဒီဘတ်ဂျက်ကိစ္စ ဆောင်ရွက်တဲ့ အခါမှာ အချိန်မလုံလောက်တဲ့ အနေအထားမျိုး ဖြစ်နေတယ်။ အရေးတကြီး တင်ပြတဲ့ အခြေ အနေမျိုးဖြစ်တဲ့အခါမှာ တိုင်း အစိုးရအဖွဲ့ရုံးက တင်ပြလာတဲ့ ဟာဆိုရင် တီဗီတစ်လုံး ဝယ်ယူ ရန်ဆိုပြီး တစ်ဖက်က ကုန်ကျ စရိတ်ကျပ်ဆယ်သန်း၊ (ကျပ်သိန်း တစ်ရာ) တင်ထားတာတွေ့ရ တယ်။ သေချာအောင် ပြန်လည် မေးမြန်းတော့မှ တီဗီဝယ်တာ မဟုတ်ဘူး။ LED လိုမျိုး အခမ်း အနား အစည်းအဝေးကြီးတွေမှာ သုံးတဲ့ စက်ကိရိယာပုံစံပေါ့။ ဒါကို တပ်ဆင်ဖို့တောင်းတာ။ အရေးတကြီးရေးတဲ့အခါ ပြည့်စုံ အောင် မရေးတော့ သံသယဖြစ် ဖွယ်ရာ ဖြစ်ရတယ်။ လွှတ်တော် အနေနဲ့ကတော့ အချိန်မလုံ လောက်ပေမယ့် တတ်နိုင်သမျှ စိစစ်နေပါတယ်’’ဟု မကွေးတိုင်း လွှတ်တော် ဒုတိယဥက္ကဋ္ဌဦးဇော် မျိုးဝင်းက ပြောသည်။

မကွေးတိုင်းလွှတ်တော် အနေဖြင့် ဘတ်ဂျက်ရန်ပုံငွေ စာရင်းများ စိစစ်ရာတွင် လုံ လောက်သောအချိန် မရသော် လည်း ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းကာ စိစစ်နေပြီး သက်ဆိုင် ရာအစိုးရအဖွဲ့ဌာနဆိုင်ရာ အမှု ထမ်း၊ အရာထမ်းများကလည်း အစိုးရသစ်၏ မူဝါဒနှင့်အညီ အသုံးစရိတ်စာရင်းကို သေချာ ပြည့်စုံစွာ ရေးဆွဲတင်ပြနိုင်ပါက စိစစ်ရာတွင် ပိုမိုလွယ်ကူနိုင်မည် ဖြစ်ကြောင်း တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌက ဆိုသည်။

ထို့အပြင် သက်ဆိုင်ရာလွှတ် တော် ကိုယ်စားလှယ်များကို လည်း မြို့နယ်အလိုက် ဘတ်ဂျက် ကိစ္စများကို တိုင်းလွှတ်တော်ရုံး သို့ လာရောက်လေ့လာ စိစစ်နိုင် ရန် အွန်လိုင်းတွင်သာမက တစ် ဦးချင်းအနေဖြင့်လည်း ကြိုတင် နှိုးဆော်ထားကြောင်း ၎င်းကဆို သည်။

ဌာနဆိုင်ရာများအနေဖြင့် ဘတ်ဂျက်စာရင်းများ တင်ပြရာ တွင် သေချာရှင်းလင်းစွာ တင်ပြ မှုမရှိခြင်းကလည်း စိစစ်ရာ ၌ ခက်ခဲမှုများရှိနေကြောင်း ငွေစာရင်းကော်မတီ အဖွဲ့ဝင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက ဆိုသည်။

‘‘ဥပမာပြရမယ်ဆိုရင် သစ်တောဦးစီးဌာနက တင်ပြတဲ့ စာရင်း မှာ ဆိုရင် အခြားဆိုတဲ့ ခေါင်းစဉ် အောက်ကနေ ပြီးတော့ သစ် တောစိုက်ခင်းများဆိုပြီးတော့ ယခင်နှစ် ဘတ်ဂျက်ကထက် နှစ် ဆလောက် တိုးမြှင့်တင်တောင်း ထားတာမျိုးတွေ တွေ့ရတယ်။ ဘယ်နေရာမှာ ဘာလုပ်မယ်ဆို တာ သေချာဖော်ပြမထားတော့ ပြန်မေးရတာတွေ ဖြစ်တယ်’’ဟု ၎င်းက ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ရန်ပုံငွေ သုံးစွဲမှု လျာထားစာရင်းများနှင့် ပတ်သက်၍ ဆွေးနွေးအတည်ပြု ခြင်းများ ဆောင်ရွက်ရန် မကွေး တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးကို ဒီဇင်ဘာ ၁၉ ရက်က ခေါ်ယူထားကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌက ပြောသည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment