15.12.16

မောင်တောဒေသ ကြက်ရိုးပြင်ကျေးရွာ၌ အမျိုးသမီးအချို့ အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း The Guardian သတင်းစာ၏ သတင်းဖော်ပြမှုအပေါ် ကွင်းဆင်း စစ်ဆေးရာတွင် ဖြစ်စဉ်ဖြစ်ပွားမှု မရှိခဲ့ကြောင်း ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် ထုတ်ပြန်

မောင်တောဒေသ ကြက်ရိုးပြင်ကျေးရွာတွင် အမျိုးသမီးအချို့ အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း The Guardian သတင်းစာ၏ သတင်းဖော်ပြမှုအပေါ် ကွင်းဆင်း စစ်ဆေးရာတွင် ဖြစ်စဉ်ဖြစ်ပွားမှု မရှိခဲ့ကြောင်း ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီဇင်ဘာ ၁၃ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်၏ ပထမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်၍ အကြမ်းဖက် တိုက်ခိုက်ခံရသည့် နေရာများကို ကြည့်ရှုစစ်ဆေးခြင်း၊ ဒေသအတွင်းရှိ သက်ဆိုင်ရာ ပုဂ္ဂိုလ်များအား စုံစမ်းမေးမြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။


ထိုသို့ကော်မရှင်အဖွဲ့ဝင်များ မောင်တောဒေသအတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ် ကာလတွင် The Guardian သတင်းစာ၊ South China Morning Post Website တွင် ဒီဇင်ဘာ ၁၁ ရက်နေ့စွဲဖြင့် တင်ခဲ့သည့် သတင်းတစ်ရပ်၌ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ Noor Ayesha ဆိုသူ အမျိုးသမီးက ၎င်းသည် သမီးငယ် Dilnawaz Begum တို့နှင့်အတူ ထွက်ပြေးခဲ့ကြောင်း၊ ၎င်းသည် ကြက်ရိုးပြင်ရွာမှ ဖြစ်ကြောင်း၊ ၎င်းကို အဓမ္မပြုကျင့်ခံရကြာင်း၊ ၎င်း၏ သမီးနှစ်ယောက်ကို အဓမ္မပြု ကျင့်ပြီးနောက် အသတ်ခံရကြောင်း၊ ၎င်း၏ ခင်ပွန်းလည်း အသတ်ခံရကြောင်း၊ ကြက်ရိုးပြင်ရွာသို့ တပ်မတော်မှ ၀င်ရောက်စဉ် အခြားအမျိုးသမီးများလည်း အဓမ္မပြုကျင့်ခံရကြောင်း၊ သတ်ဖြတ်မှုများစွာလည်း ရှိကြောင်း စသည်ဖြင့် ဖော်ပြပါရှိရာ ကော်မရှင်အဖွဲ့ဝင်များသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ကြက်ရိုးပြင်ရွာသို့ သွားရောက်၍ အသက်အရွယ် ကြီး၊ လတ်၊ ငယ် အမျိုးသားများ၊ အမျိုးသမီးများကို အချိန်ယူ၍ ကျယ်ကျယ်ပြန့်ပြန့် မေးမြန်းရာ The Guardian Website တွင် ပါရှိသည့် Noor Ayesha ၏ ဖြစ်စဉ်ဖြစ်ပွားမှု မရှိခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးကိုလည်း ၎င်းတို့ရွာ၌ မတွေ့ရှိဖူးကြောင်း စသည်ဖြင့် ပြောကြားကြသည်ဟု ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် အဆိုပါကိစ္စနှင့် ပတ်သက်၍ ၎င်းဒေသ၌ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းမှ တာဝန်ရှိအရာရှိများအား မေးမြန်းရာ အမျိုးသမီးများကို အဓမ္မပြုကျင့်မှု ဖြစ်စဉ်မရှိကြောင်း၊ မိမိတို့သည် တပ်မတော် စည်းမျဉ်း စည်းကမ်း နှင့်အညီ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ဖြေကြားကြသည်ဟု သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ဒေသတွင်း တည်ငြိမ်မှု အရိပ်အယောင်များ တွေ့ရှိရကြောင်း၊ အချို့ကျေးရွာများတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားလျက် ရှိသည်ကို သိရပြီး အချို့ကျေးရွာများက စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးရေး၊ ဆရာဆရာမများ စေလွှတ်ပေးရေး မေတ္တာရပ်ခံကြကြောင်းနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းမှု ရှိလာပြီဖြစ်၍ စာသင်ကျောင်းများကို တိုးချဲ့ဖွင့်လှစ်ရန် ကော်မရှင်ဥက္ကဋ္ဌက ပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment