19.12.16

ဗင်နီဇွဲလား၌ ငွေစက္ကူ ဖျက်သိမ်းမှုအစီအစဉ်ကို ဆိုင်းငံ့ထားမည်ဟု သမ္မတ ထုတ်ပြန်ကြေညာ

Image may contain: 6 people, people standing, crowd and outdoor
ဗင်နီဇွဲလားနိုင်ငံ၏ လှည့်ပတ်သုံးစွဲငွေစနစ်မှ တန်ဖိုးအကြီးဆုံး ငွေစက္ကူအား ဖျက်သိမ်းသည့်အစီအစဉ်ကို သမ္မတ နီကိုလပ် မာဒူရိုက ဆိုင်းငံ့ထားလိုက်ကြောင်း၊ တန်ဖိုးကြီးငွေစက္ကူ ရုပ်သိမ်းသည့်အစီအစဉ်ကြောင့် နိုင်ငံတစ်ဝန်း မငြိမ်မသက်မှုများ ဖြစ်ပေါ်ခဲ့ရသဖြင့် ယင်းသို့ ဆိုင်းငံ့လိုက်ရခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဒီဇင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ဗင်နီဇွဲလားနိုင်ငံ၌ အစိုးရ၏ အမိန့်ဖြင့် ဘိုလီဗာ ၁ဝဝ တန်ဖိုးရှိ ငွေစက္ကူများကို လှည့်ပတ်သုံးစွဲငွေစနစ်မှ ရုတ်ခြည်းရုပ်သိမ်းလိုက်ရာ ဖျက်သိမ်းခံရသော ငွေစက္ကူဟောင်းများကို ပြန်လည်လဲလှယ်လိုသော ပြည်သူများက ဘဏ်များတွင် အချိန်ကြာမြင့်အောင် တန်းစီစောင့်ဆိုင်းခဲ့ကြရခြင်း၊ ဈေးဆိုင်အများအပြား၌ လုယက်မှုများဖြစ်ပွားခြင်း၊ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်ခြင်း စသည့် ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့ရသည်။

၅ဝဝ တန်၊ ၂ဝဝဝ တန်နှင့် ၂ဝဝဝဝ တန် ဘိုလီဗာ ငွေစက္ကူသစ်များ သယ်ဆောင်လာမည့် လေယာဉ်သုံးစင်းဆိုက်ရောက်မှု နှောင့်နှေးကြန့်ကြာခဲ့ရ ခြင်းသည် ပြည်ပမှ အဖျက်အမှောင့်ပြုလုပ်သူများကြောင့် ဖြစ်ရကြောင်း သမ္မတ မာဒူရိုက ထုတ်ပြန်ကြေညာခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံ၌ ဘိုလီဗာ ၁ဝဝ တန် ငွေစက္ကူများ သုံးစွဲမှုကို ဒီဇင်ဘာ ၁၅ ရက်မှစ၍ တရားဝင်ရပ်ဆိုင်းခဲ့သည်။ ဘိုလီဗာ ၁ဝဝ တန် ငွေစက္ကူတစ်ရွက် ၏ တန်ဖိုးမှာ မှောင်ခိုငွေကြေးဈေးကွက်တွင် အမေရိကန် ဒေါ်လာ(၄)ဆင့်မျှ သာ တန်ဖိုးရှိသည်။

ဇန်နဝါရီ ၂ ရက်အထိ ဘိုလီဗာ ၁ဝဝ တန် ငွေစက္ကူအား လှည့်ပတ် သုံးစွဲငွေအဖြစ် ဆက်လက်သုံးစွဲရန် ခွင့်ပြုပေးလိုက်ကြောင်း သမ္မတ မာဒူရိုက ထုတ်ပြန်ကြေညာသည်။

စီးပွားရေး အကျပ်ဆိုက်နေသော ဗင်နီဇွဲလားနိုင်ငံ၌ တန်ဖိုးကြီး ငွေစက္ကူ ရုတ်ခြည်းဖျက်သိမ်းခံရမှုကြောင့် ပြည်သူတို့မှာ စားနပ်ရိက္ခာနှင့် စက်သုံးဆီ စသည့် လူသုံးကုန်များ ဝယ်ယူရန်နှင့် ခရစ်စမတ်ပွဲတော်အတွက် ပြင်ဆင်ရန် ဒုက္ခလှလှ တွေ့ကြုံခဲ့ရသည်ဆို၏။

Credit To >>> The Mirror Daily

0 comments:

Post a Comment