9.1.17

အင်တာနက် အသုံးပြုရာတွင် ကလေးငယ်များ အနေဖြင့် ဒစ်ဂျစ်တယ် အနိုင်ကျင့်မှုများနှင့် ကြုံတွေ့နေကြရကြောင်း တယ်လီနော၏ လေ့လာမှုက ဖော်ပြ

အင်တာနက် အသုံးပြုရာတွင် ကလေးငယ်များ အနေဖြင့် ဒစ်ဂျစ်တယ် အနိုင်ကျင့်မှုများကို ကြုံတွေ့နေကြရကြောင်း တယ်လီနော၏ လေ့လာမှုက ဖော်ပြခဲ့ပြီး တယ်လီနော အနေဖြင့် ၂၀၁၇ အတွင်း အင်တာနက်ဆိုင်ရာ ပညာပေးမှုများကို ပိုမိုပြုလုပ်သွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

၂၀၁၆ ခုနှစ်အတွင်း တယ်လီနော လုပ်ငန်းစု တည်ရှိရာ နိုင်ငံပေါင်း ၁၃ ခုတွင် ပြုလုပ်ခဲ့သော လုပ်ငန်းစုဆိုင်ရာ စစ်တမ်းဖြစ်သည့် ဒစ်ဂျစ်တယ်ဆိုင်ရာ အနိုင်ကျင့်မှုများ ကြုံတွေ့နေရခြင်းနှင့် ပတ်သက်သည့် စစ်တမ်းတွင် တယ်လီနောမြန်မာကလည်း ပါဝင်ခဲ့ကြောင်း သိရသည်။


ကလေးငယ်များနှင့် အရွယ်ရောက်ပြီးသူ၊ မိဘအုပ်ထိန်းသူများ၏ အင်တာနက်သုံးစွဲသည့် အတွေ့အကြုံများနှင့် စပ်လျဉ်းပြီး သုံးစွဲသူများနှင့် ၀န်ထမ်းများထံမှ စစ်တမ်းကောက်ယူခဲ့ရာ ၁၂၃၆၈ ခု ရရှိခဲ့ကြောင်း သိရသည်။ ၂၅ ရာခိုင်နှုန်းသော အရွယ်ရောက်ပြီးသူများ အနေဖြင့် အင်တာနက် အသုံးပြုရာတွင် အနိုင်ကျင့်မှုများကို ကြုံတွေ့နေရသည့် ကလေးငယ်များကို ၎င်းတို့၏ ပတ်ဝန်းကျင်တွင် တွေ့ရှိနေရကြောင်း၊ ထိုပြဿနာသည် အလယ် အလတ်မှ အလွန်ပြင်းထန်သော ပြဿနာတစ်ခုအဖြစ် တည်ရှိနေကြောင်း ဖော်ပြထားသည်။

ကလေးငယ် ၂၃ ရာခိုင်နှုန်းမှာလည်း ဒစ်ဂျစ်တယ် အနိုင်ကျင့်မှုများသည် ၎င်းတို့၏ အသိုင်းအ၀ိုင်းတွင် အလယ်အလတ်မှ အလွန်ပြင်းထန်သော ပြဿနာအဖြစ် ယူဆကြပြီး ၁၇ ရာခိုင်နှုန်းသော အရွယ်ရောက်ပြီးသူများ အနေဖြင့် အင်တာနက် အသုံးပြုသော ကလေးငယ် တစ်ယောက်သည် သူကိုယ်တိုင် သို့မဟုတ် အခြားသော ကလေးငယ် တစ်ယောက်သည် ဒစ်ဂျစ်တယ်ဆိုင်ရာ အနိုင်ကျင့်မှုများနှင့် ကြုံတွေ့နေရသည်ဟု ပြောကြားသည်ကို ကြုံတွေ့ကြရကြောင်း ဖြေဆိုခဲ့ကြသည်။

၁၁ ရာခိုင်နှုန်းသော ကလေးငယ်များမှာ ၎င်းတို့ကိုယ်တိုင် ဒစ်ဂျစ်တယ်နည်းအရ အနိုင်ကျင့်ခံနေရသူများ သို့မဟုတ် အနိုင်ကျင့်ခံထားရသူများကို သိကျွမ်းကြသူများ ဖြစ်ကြောင်း လေ့လာချက်တွင် တွေ့ရှိရသည်။

အင်တာနက် အသုံးပြုရာတွင် ဘေးကင်းလုံခြုံစွာ အသုံးပြုတတ်စေရန် ၂၀၁၇ အတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ တယ်လီနောက ပညာပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အင်တာနက်ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်စေရန် အပြင် အွန်လိုင်းမှတစ်ဆင့် ရရှိနိုင်သော အခွင့်အလမ်းများစွာအား ပြည့်ပြည့်၀၀ အသုံးချနိုင်စေရန် ရည်ရွယ်ပြီး အနည်းဆုံး လူဦးရေ ငါးသောင်းခန့်ကို ပညာပေးမှုများ ပြုလုပ်သွားမည်ဟု တယ်လီနောက ဆိုသည်။

“အင်တာနက်က နေ့စဉ်လူ နေထိုင်မှုဘ၀တွေကို ပြောင်းလဲစေခဲ့ပါတယ်။ တစ်ခြားနိုင်ငံတွေမှာတော့ ဒီလိုအပြောင်းအလဲတွေကို ဆယ်စုနှစ်များစွာ ကတည်းက တွေ့ကြုံပြီး ဖြစ်ပေမယ့် မြန်မာလူဦးရေရဲ့ အများစုကတော့ အင်တာနက် အသုံးပြုခြင်းကနေ ရလာမယ့် အကျိုးအပြစ်တွေကို သိရှိနိုင်ဖို့အတွက် အသစ်အဆန်း ဖြစ်နေပါသေးတယ်။ အင်တာနက်ကနေ ရရှိနိုင်မယ့် လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေကို အသုံးပြုသူတွေကြားမှာ ပိုမိုသိရှိလာစေဖို့၊ အထူးသဖြင့် အင်တာနက် အသုံးပြုရာကနေ အန္တရာယ် ဖြစ်နိုင်ခြေများတဲ့ အသက်အရွယ် အုပ်စုတွေကို ပညာပေးဖို့ တယ်လီနောက ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်ခြင်းက အားလုံးအတွက် အင်တာနက်ကို ၀န်ဆောင်မှု ပေးတဲ့အခါ သုံးစွဲသူတွေ အနေနဲ့ လုံခြုံစိတ်ချစွာနဲ့ အကျိုးရှိရှိ အသုံးချနိုင်လိမ့်မယ်လို့ တယ်လီနောက ယုံကြည်တာကြောင့် ဖြစ်ပါတယ်” ဟု တယ်လီနော၏ Head of Business Sustainability ဖြစ်သူ ကိုမင်းသူက ပြောကြားသည်။

“သုံးစွဲသူတွေ အထူးသဖြင့် ကလေးငယ်တွေ အနေနဲ့ အင်တာနက် အသုံးပြုတာနဲ့ ပတ်သက်ပြီး နားလည်သဘောပေါက်မှု ရှိဖို့က အလွန်အရေးကြီးတယ် ဆိုတာကို ကျွန်တော်တို့ စစ်တမ်းက ဖော်ပြနေပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကျွန်တော်တို့ အနေနဲ့ ပိုမိုများပြားတဲ့ လူတွေဆီကို ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောပြနိုင်ဖို့ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အခွင့်အရေးတွေကိုလည်း ရှာဖွေသွားဖို့ ရှိပါတယ်” ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူက ပြောကြားသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment