9.1.17

ဒလနှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များမှအပ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်း ခွင့်မပြုကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ ထုတ်ပြန်


ဒလနှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များမှအပ ကျန်ရှိသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်း ခွင့်မပြုကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အမိန့်အမှတ် ၂/၂၀၁၇ ဖြင့် ဇန်န၀ါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၃၊ ပုဒ်မခွဲ (ဃ) နှင့် ပုဒ်မ ၈၅၊ ပုဒ်မခွဲ (ခ) ပါ လုပ်ကိုင်ခွင့်များကို ကျင့်သုံး၍ ယင်းသို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။


ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များမှအပ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ဆိုင်ကယ်စီးနင်းခြင်း၊ ၀င်ရောက်ခြင်း မပြုကြောင်းနှင့် မည်သူမဆို တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်လျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ အရေးယူခြင်းခံရမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်သည် ကိုကိုးကျွန်းမြို့နယ် အပါအ၀င် ၄၅ မြို့နယ်ရှိပြီး ယင်းအထဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် ၃၃ မြို့နယ်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် ပြင်ပ ၁၂ မြို့နယ် ပါဝင်ကြောင်း၊ ဒလနှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် ၃၃ မြို့နယ်တွင် ပါဝင်ပြီး ယခုထုတ်ပြန်ချက်တွင် ဒလနှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များမှအပ ကျန်ရှိသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် ၃၁ မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်း ခွင့်မပြုကြောင်း ထုတ်ပြန်ချက် ဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီးက ကိုကိုးကျွန်း အပါအ၀င် ၄၅ မြို့နယ်ရှိတယ်။ အဲဒီမှာ စည်ပင်သာယာ နယ်နိမိတ်အတွင်းက ၃၃ မြို့နယ် ရှိတယ်။ စည်ပင်နယ်နိမိတ်ပြင်ပ ၁၂ မြို့နယ် ရှိတယ်။ အဲဒီမှာ ဆိုင်ကယ်စီးနင်း ခွင့်မပြုတာက စည်ပင်နယ်နိမိတ် ၃၃ မြို့နယ်မှာ စီးနင်းခွင့်မပြုဘူး။ အဲဒီထဲမှာ ဒလနဲ့ ဆိပ်ကြီးခနောင်တို ပါနေတယ်။ ဒါကြောင့် ဒလနဲ့ ဆိပ်ကြီးခနောင်တိုမှအပ စည်ပင်သာယာ နယ်နိမိတ် ၃၁ မြို့နယ်မှာ ဆိုင်ကယ်စီးနင်း ခွင့်မပြုဘူးလို့ ထုတ်ပြန်လိုက်တာ။ ဆိုင်ကယ်စီးနင်း ခွင့်မပြုတဲ့ ၃၃ မြို့နယ်မှာ ဒလနဲ့ ဆိပ်ကြီးခနောင်တို မပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်တွင် မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ အလုံ၊ ဗဟန်း၊ ဒဂုံ၊ ကြည့်မြင်တိုင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဆိပ်ကမ်း၊ စမ်းချောင်း၊ မင်္ဂလာတောင်ညွန့်၊ ဒေါပုံ၊ သာကေတ၊ တာမွေ၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ရန်ကင်း၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ အင်းစိန်၊ လှိုင်၊ လှိုင်သာယာ၊ ကမာရွတ်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ ရွှေပြည်သာမြို့နယ်များ ပါဝင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တရားဝင် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဆင်ခြေဖုံးမြို့နယ်များတွင် တရားဝင် ဆိုင်ကယ်စီးနင်း ခွင့်ပြုရေးအတွက် နယ်နိမိတ် သတ်မှတ်ခြင်း၊ ဥပဒေများကို ပြန်လည် သုံးသပ်ခြင်းများ လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ၂၀၁၆ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရွှေပြည်သာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက ဆင်ခြေဖုံးမြို့သစ်များတွင် မော်တော်ဆိုင်ကယ် တရားဝင် စီးနင်းခွင့်နှင့် လိုင်စင်များကို အဆိုပါ မြို့နယ်များ၌ပင် တရားဝင် ပြုလုပ်ပေးနိုင်မှု ရှိ မရှိ မေးမြန်းမှုအပေါ် ဒေါ်နီလာကျော်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ မင်္ဂလာဒုံစသည့် ဆင်ခြေဖုံး မြို့နယ်များတွင် ဆိုင်ကယ်များ ပြန်လည်စီးနင်း ခွင့်ပြုရေး နယ်နိမိတ်များ ပြန်လည် သတ်မှတ်ခြင်းနှင့် လေ့လာ ဆန်းစစ်မှုများကို ပြည်ပ အဖွဲ့အစည်းများ၏ အကူအညီများ၊ ပညာရှင်ပေါင်းစုံ၏ အကူအညီဖြင့် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲခြင်း စသည်တို့ကို စီစဉ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဒေါ်နီလာကျော်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု ဒလနှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များမှအပ ကျန်ရှိသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်း ခွင့်မရှိကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

# Eleven Media Group

0 comments:

Post a Comment