13.1.17

မြိတ်ခရိုင်ရှိ မြေဧက ၄၂၂၀၀ တွင် ဆီအုန်းစိုက်ပျိုးရန် လာရောက်မြှုပ်နှံသည့် မလေးရှား သန်းကြွယ်သူဌေးပိုင် Samling လုပ်ငန်းစုက အဓိကရှယ်ယာ ၉၅ ရာခိုင်နှုန်းပိုင်ဆိုင်သော MSPP ကုမ္ပဏီ၏ မြေသိမ်းဆည်းမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်း



တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တွင် လာရောက် ရင်းနှီးမြှုပ်နှံသည့် မလေးရှား သန်းကြွယ်သူဌေးပိုင် Samling Strategics လုပ်ငန်းစုက အဓိကရှယ်ယာ ၉၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် MSPP က မြေယာများ သိမ်းဆည်းခြင်း၊ မြေယာလျော်ကြေးများ ပေးဆောင်မှု မရှိခြင်းနှင့် ဆီအုန်းစိုက်ပျိုးရန် ဧက ၄၂၂၀၀ အထိ ရယူထားသော်လည်းအမှန် တကယ်စိုက်ပျိုးနိုင်မှု မရှိခြင်းနှင့် ပတ်သက်ပြီး မြိတ်ခရိုင်ရှိ ဒေသခံများက ဇန်န၀ါရီ ၁၂ ရက်တွင် ဒေသခံပြည်သူများနှင့် အဖွဲ့အစည်းများက ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ‘အစိမ်းရောင်ကန္တာရ’ အစီရင်ခံစာ အမည်ဖြင့် လာရောက် သတင်းစာရှင်းလင်းသည်။

MSPP (Myanmar Stark Prestige Plantation) ကုမ္ပဏီသည် မြိတ်ခရိုင်တွင် ဧက ၄၂၂၀၀ အကျယ်အ၀န်းရှိ ဆီအုန်းခြံ တည်ထောင်ရန် မြန်မာကုမ္ပဏီ တစ်ခုဖြစ်သည့် Stark Industries နှင့် မလေးရှားနိုင်ငံ၏ သန်းကြွယ်သူဌေးများဖြစ်သည့် ယောမိသားစု၏ Samling Strategic လုပ်ငန်းစုတို့ ထူထောင်ခဲ့သည့် ဖက်စပ်ကုမ္ပဏီဖြစ်သည်။ အဆိုပါ ဆီအုန်းခြံ စီမံကိန်းသည် ဒေါ်လာ ၃၆ ဒသမ ၇၅ သန်းတန် စီမံကိန်းဖြစ်ပြီး Samling Strategic လုပ်ငန်းစု လက်အောက်မှ Glenealy Plantation ၏ လုပ်ငန်းခွဲ Prestige Platform မှ ၉၅ ရာခိုင်နှုန်း ပိုင်ဆိုင်ကာ မြန်မာနိုင်ငံဘက်မှ Stark Industries မှ အစုရှယ်ယာ ငါးရာခိုင်နှုန်း ပိုင်ဆိုင်သည်ဟု ‘အစိမ်းရောင်ကန္တာရ’ အစီရင်ခံစာက ဖော်ပြသည်။


“MSPP ကုမ္ပဏီ လုပ်ပိုင်ခွင့်ရထားတယ်။ ၉၅ ရာခိုင်နှုန်းက မလေးရှား၊ ငါးရာခိုင်နှုန်းက မြန်မာကုမ္ပဏီ။ မလေးရှားကို လိုက်ကြည့်လိုက်တော့ မလေးရှားမှာ သန်းကြွယ်သူဌေးဖြစ်တဲ့ ယောမိသားစုတွေပိုင်တဲ့ လုပ်ငန်းတွေထဲက လုပ်ငန်းခွဲတစ်ခု ဖြစ်ပါတယ်။ သူတို့ရဲ့ ငွေကြေးစီးဆင်းမှုကို ဆက်လိုက်တော့ ယောမိသားစုတွေပိုင်တဲ့ လုပ်ငန်းခွဲ Glenealy ကို ငွေထောက်ပံ့နေတာက မလေးရှားနိုင်ငံက မေဘဏ် (Maybank) ဖြစ်ပါတယ်။ မေဘဏ်က ချေးငွေအဖြစ် သန်း ၅၀၀ ထုတ်ပေးမှာဖြစ်ပြီး အဲဒီထဲကမှ ၁၂၅ သန်းကို ထုတ်ပေးထားတယ်။ ကျန်တဲ့ပိုက်ဆံတွေလည်း ရှိနေသေးတယ်။ ထပ်ပေးဖို့ရှိတယ်” ဟု ဒေသခံ ဒေါ်တာ ရာကဆိုသည်။

Samling Strategic လုပ်ငန်းစုမှ ဆီအုန်းစိုက်ပျိုးမှုများ လုပ်ကိုင်နေသည့် Glenealy ကို မေဘဏ်အပြင် မေဘဏ်ကို ငွေကြေးထောက်ပံ့နေသည့် ကမ္ဘာလုံးဆိုင်ရာ နော်ဝေအစိုးရ ပင်စင်ရန်ပုံငွေအဖွဲ့၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဘဏ်တို့အပြင် ဥရောပနှင့် မြောက်အမေရိက ပင်စင်ရန်ပုံငွေ အဖွဲ့များလည်း ရှိနေသည်ဟု ဒေါ်တာရာက ဆက်လက် ပြောကြားသည်။ ထိုသို့ ဂျပန်၊ နော်ဝေ စသည့် ဘဏ်များနှင့် အဖွဲ့အစည်းများ၏ လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ ကျင့်ဝတ်များအပေါ် လိုက်နာမှုစံနှုန်းမြင့်မားသည့် အဖွဲ့အစည်းများက လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ချိုးဖောက်နေသည့် လုပ်ငန်းကို ငွေထောက်ပံ့ စီးဆင်းနေခြင်းကို ပြန်လည်စစ်ဆေး စေလိုသည်ဟု ဒေါ်တာရာက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ဒေသခံများ၏ မြေယာများကို သိမ်းဆည်းသည့်အပြင် တည်ဆဲဥပဒေများကို လိုက်နာမှုမရှိသည့် Samling Strategic လုပ်ငန်းစုမှ ဆီအုန်းစိုက်ပျိုးမှုများ လုပ်ကိုင်နေသည့် Glenealy ကို ငွေကြေးများချေးကာ ထောက်ပံ့နေမှုအပေါ် “တနင်္သာရီ မြစ်မကြီးနှင့် ဌာနေတိုင်းရင်းသားများ ကွန်ရက်” မှ ဒါရိုက်တာ စောဖရန်ကီက “သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုဘ၀ကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ ဒီစီမံကိန်းကို အရပ်ဘက် အဖွဲ့အစည်းတွေက ၂၀၁၁ ခုနှစ် ၂၀၁၂ ခုနှစ်က တည်းက သက်ဆိုင်ရာ အာဏာပိုင်ကို တစ်ဆင့်ပြီးတစ်ဆင့် အမျိုးမျိုး တင်ပြပေမယ့် ယခုထက်ထိ ဘာမှထူးခြား မလာသေးဘူး။ ဒီရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံမှာ နောက်ဆုံး ကျန်ရှိနေသေးတဲ့ တနင်္သာရီတိုင်းရဲ့ မိုးသစ်တောဂေဟစနစ်ကို အကြီးအကျယ် ပျက်စီးစေခဲ့ပါတယ်။ ဒီဒေသဟာ မြေနိမ့်ပိုင်းသစ်တောဂေ ဟစနစ်ဖြစ်တယ်။ ဒီဂေဟစနစ်က အင်မတန်မှ ရှုပ်ထွေးပြီးတော့ အပေါ်မှာရှိတဲ့ မိုးများသစ်တောနဲ့ ဒီကသစ်တောကြားမှာရှိတဲ့ အရာဖြစ်ပြီးတော့ ဒီဟာကြီး ပျက်စီးသွားရင် ကျန်တဲ့ဂေဟစနစ်တွေလည်း ပျက်စီးသွားပါမယ်။ ပြီးတော့ ဒီလုပ်ငန်းက အခုနပြောတဲ့ ဌာနေတိုင်းရင်းသားတွေ အခွင့်အရေး၊ ကြိုတင်အသိပေး လွတ်လပ်စွာ ဆွေးနွေးပြီး သဘောထား ခံယူချက်တွေက UNDRIP မှာ လက်မှတ်ထိုးထားတာတွေနဲ့ လုံးဝဆန့်ကျင်နေပါတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့ ကိုယ်ကျင့်တရားတွေကိုလည်း ပျက်စီးစေခဲ့ပါတယ်။ အခု MSPP က ၂၀၁၇ ခုနှစ်မှာ စက်ရုံတည်ဆောက်ဖို့ အစီအစဉ် ရှိပါတယ်။ သို့သော်လည်း စက်ရုံတည်ဆောက်ဖို့က ဧကတစ်သောင်းရှိတဲ့ ဆီအုန်းစိုက်ခင်းရှိမှဖြစ်မယ်။ သူတို့က အခုဘာလုပ်မလဲဆိုရင် အရင်ကလို မြေသိမ်းလို့ မရတော့ ပြည်သူတွေကို ရောင်းဖို့ချဉ်းကပ်ကြတယ်။ ဌာနေတိုင်းရင်းသား ကရင်လူမျိုးမှာ သူတို့ရဲ့ ရိုးရာမြေက ရောင်းဖို့မဟုတ်ပေမယ့် ခြိမ်းခြောက်မှုကြောင့် စတင်ရောင်းရတယ်။ သူတို့ရဲ့ လူနေမှုစရိုက် ပျက်ပြားတာထက် ဖျက်ဆီးပြီး ဘ၀ပျက်နေတဲ့ အခြေအနေတွေ ဖြစ်နေတယ်။ ဒီနေရာက ဂေဟစနစ်ကို မှတ်တမ်းတင်တော့ ငါးမျိုးစိတ် ၉၀ ကျော်၊ ပရဆေးပင် ၁၂၆ မျိုး၊ တောထဲကရပြီး ၀ယ်စားဖို့မလိုတဲ့ ဟင်းသီးဟင်းရွက် အမျိုးပေါင်း ၉၀ ကျော်ကို တွေ့ရှိရတဲ့အတွက် ကုမ္ပဏီကြီးက ဆက်လက်ပြီး သူ့လုပ်ငန်းကို ချဲ့ထွင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အစာရေစာ လုံခြုံမှုကို ထိခိုက်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုကို ဒီနေရာမှာ မရပ်တန့်ဘဲ နိုင်ငံတကာကို စာပို့ဖို့ ရှိပါတယ်။ Samling Strategic၊ Stark Industries၊ Maybank ပြီးတော့ နော်ဝေးမှာရှိတဲ့ NBIM (Norges Bank Investment Management)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဘဏ် စတဲ့ ငွေကြေးထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေအပြင် မလေးရှားမှာ ရှိနေတဲ့ လူ့အခွင့်အရေး ကော်မရှင်ကို စာတင်ပြီးတော့ တိုင်ကြားဖို့ ရှိပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် MSPP ကို ဆီအုန်းလုပ်ကိုင်ခွင့်ပြုရာတွင် ဧက ၃၈၀၀၀ သာ ဖြစ်သော်လည်း MSPP မှ ဆိုင်းဘုတ်စိုက်ထူရာတွင် ဧက ၄၂၂၀၀ အထိ လုပ်ကိုင်ခွင့် ရရှိထားသည်ဟု ဒေသခံများ သိရှိရန် ကြေညာခဲ့ပြီး MSPP မှ အမှန်တကယ် လုပ်ကိုင်နေသည့်အပေါ် ၂၀၁၅ ခုနှစ် ဇူလိုင်တွင် ကုမ္ပဏီ၏ မြေပုံပါ လုပ်ကိုင်ခွင့်နယ်နိမိတ်ကို GIS ဖြင့် တွက်ချက်ရာ MSPP က လုပ်ကိုင်နေသည့် ဧရိယာမှာ ၄၉၂၂၇ ဧကအထိ ရှိနေပြီး အဆိုပါ အချက်များအရ MSPP က မြေပြင်တွင် စိုက်ပျိုးမည့်ဧကနှင့် ကုမ္ပဏီအား မည်မျှလုပ်ကိုင်ခွင့် ပြုထားသည်ဆိုသည့် အချက်ကိုပင် ဒေသခံများ သိရှိရမှုမရှိ ဖြစ်နေသည်ဟု ဒေသခံဖြစ်သူ ဒေါ်အေးမွန်သူက ဆိုသည်။

ထို့ပြင် MSPP ကို လုပ်ကိုင်ခွင့်ပြုခဲ့သည့် နေရာ၌ ကျေးရွာ ၁၃ ရွာရှိနေပြီး ဒေသခံရွာ လေးရွာ ဖယ်ရှားရမည့်အထိ တိုက်ရိုက်ထိခိုက် နေသည့်အပြင် အဆိုပါကုမ္ပဏီအား ချထားပေးသည့် မြေနေရာသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနမှ ဇီဝမျိုးစိတ် စုံလင်မှုနှင့် အမြဲစိမ်းသစ်တော ဖြစ်တည်နေမှုကြောင့် အမျိုးသား ဥယျာဉ်အဖြစ် အဆိုပြု တင်ပြထားသည့် သစ်တောနေရာ ဖြစ်နေသည်ဟု ဒေါ်အေးမွန်သူက ဆိုသည်။

“၀န်ကြီးဌာနသုံးခုက အချင်းချင်းကြားမှာ ပူးပေါင်းဆောင်ရွက်မှု မရှိတာမျိုး ဖြစ်နေတယ်။ ဒီနေရာမှာ ရွာရှိတယ်။ ပြည်ထဲရေးမှာ စာရင်းပေါက်နေသလား၊ ကျွန်မမသိဘူး။ နောက်ပြီးတော့ စိုက်ပျိုးရေးကလည်း ဆီအုန်းစိုက်ခင်း ချပေးတယ်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနကလည်း အမျိုးသားဥယျာဉ်အဖြစ် အဆိုပြုထားတော့ ဒီတစ်နေရာတည်းကိုပဲ ၀န်ကြီးဌာနအားလုံးက ကိုယ့်ဘာသာကိုယ် အဆင်ပြေသလို သတ်မှတ်နေသလို ဖြစ်နေတယ်။ နောက်တစ်ခါ ပြည်တွင်းမှာ လိုက်နာရမယ့် ဥပဒေတွေကို မလိုက်နာသလို နိုင်ငံတကာ ကုမ္ပဏီဖြစ်ပြီး နိုင်ငံတကာမှာ လိုက်နာရမယ့် ဥပဒေတွေကိုလည်း ချိုးဖောက်မှုရှိတာ တွေ့နေရတယ်။ ဒေသခံတွေ အပေါ်မှာလည်း ထိခိုက်မှုတွေ ဆိုးကျိုးတွေ ရှိနေတာကိုလည်း တွေ့နေရတယ်” ဟု ဒေါ်တာရာက ဆိုသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် MSPP ကို ဆီအုန်းလုပ်ကိုင်ခွင့်ပြုရာတွင် ဧက ၃၈၀၀၀ သာဖြစ်သော်လည်း MSPP မှ ဆိုင်းဘုတ်စိုက်ထူရာတွင် ဧက ၄၂၂၀၀ အထိ လုပ်ကိုင်နေသည် ဆိုသော်လည်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာအထိ MSPP မှ အမှန်တကယ် ဆီအုန်းစိုက်ပျိုးနိုင်သည့် ပမာဏမှာ ဧကပေါင်း ၃၆၃၃ ဧကကျော်သာ စိုက်ပျိုးနိုင်သေးသည်။ ထိုသို့ အခြေအနေ ဖြစ်နေသဖြင့် ၂၀၁၂ ခုနှစ် မြေယာဥပဒေအရ လုပ်ငန်းလုပ်ဆောင်မှု မရှိသည့် မြေများအား ပြန်လည်သိမ်းဆည်း နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းသည်။ အဆိုပါ ရှင်းလင်းချက်အပြင် တနင်္သာရီတိုင်း ဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်း အဖွဲ့ကလည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ရယူထားသော်လည်း သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စိုက်ပျိုးအသုံးပြုမှု မရှိသည့် မြေများအား ပြန်လည်အပ်နှံရန် ကြော်ငြာစာ ထုတ်ဆင့်ထားပြီး အဆိုပါ ထုတ်ဆင့်စာတွင် MSPP ကဲ့သို့ နှစ် ၃၀ အထိ လုပ်ကိုင်ခွင့် ရထားသည့် ကုမ္ပဏီ အဖွဲ့အစည်း ၁၅၉ ခုအား လုပ်ပိုင်ခွင့်ပြုခဲ့သည့် မြေ ၂၀၉၂၅၈ ဧကနှင့် ကုမ္ပဏီ တစ်ခုတည်းအား မြေဧက ၁၃၃၆၀၀ ပေးခဲ့သည့် ကုမ္ပဏီများပါဝင်ပြီး အဆိုပါ ကုမ္ပဏီများ အနေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ရယူထားသော်လည်း သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စိုက်ပျိုးအသုံးပြုမှု မရှိသည့် မြေများအား ကြေညာချက် ထုတ်ပြန်သည့်နေ့မှ တစ်လအတွင်း ပြန်လည်အပ်နှံရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment