13.1.17

ထရန့်၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားခံရသူက တရုတ်ကို ပြင်းထန်စွာ ဝေဖန်

ထရန့်၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားခံရသူ ရက်စ်တေလာဆင်က အမေရိကန်အနေဖြင့် အာရှအင်အားကြီး တရုတ်နိုင်ငံအား တောင်တရုတ်ပင်လယ်တွင်းရှိ ၎င်း၏ ကျွန်းတုများကို စွန့်လွှတ်ရမည်ဟု ရှင်းရှင်းလင်းလင်း အသိပေးရမည်ဖြစ်ကြောင်း သတိပေးလျက် အထက်လွှတ်တော်၌ အတည်ပြု ကြားနာမှုတစ်ရပ်အတွင်း ဇန်န ၀ါရီ ၁၂ ရက်တွင် တရုတ်နိုင်ငံကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

“ကျွန်တော်တို့ အနေနဲ့ တရုတ်ကို ရှင်းလင်းတဲ့ အချက်ပြမှုတစ်ရပ် ပေးပို့ရပါမယ်။ ပထမအချက်က ကျွန်းတုတွေ တည်ဆောက်နေတာ ရပ်ဖို့ဖြစ်ပြီး ဒုတိယအချက်က အဲဒီ ကျွန်းတွေ အသုံးပြုနေတာကိုလည်း ခွင့်ပြုမှာမဟုတ်ဘူး ဆိုတာပါပဲ” ဟု တေလာဆင်က အမေရိကန် အထက်လွှတ်တော် ဘုတ်အဖွဲ့အား ပြောကြားခဲ့သည်။


တရုတ်နိုင်ငံသည် မဟာဗျူဟာအရ အရေးပါသော တောင်တရုတ်ပင်လယ် အတွင်းရှိ သေးငယ်ပြီး ဂေဟဗေဒအရ ပျက်စီးလွယ်သော သန္တာကျောက်တန်းများ နှင့် ကျွန်းသိမ်ကျွန်းငယ်များကို စစ်ဘက်ဆိုင်ရာ အခြေစိုက်မှုများကို လက်ခံနိုင်သည့် ကျွန်းတုများအဖြစ်သို့ ပြောင်းလဲခြင်းအားဖြင့် ဒေသတွင်း တင်းမာမှုများကို မီးမွှေးခဲ့သည်။

နိုင်ငံခြားရေး ၀န်ကြီးအဖြစ် လျာထားခံရသော ExxonMobil ကုမ္ပဏီ အကြီးအကဲဟောင်းက အငြင်းပွားနေသော ရေပိုင်နက်များအတွင်း တရုတ်၏ တည်ဆောက်မှုများနှင့် အရှေ့တရုတ်ပင်လယ် အတွင်းရှိ ဂျပန်က ထိန်းချုပ်ထားသည့် ဆန်ကာကူကျွန်းပေါ်၌ လေကြောင်း ကာကွယ်ရေးဇုန်အဖြစ် ကြေညာခြင်းတို့သည် တရားမ၀င်သော လုပ်ရပ်များဖြစ်ကြောင်း ပြောကြားခဲ့သည်။

“သူတို့က ပိုင်နက်တွေကို သိမ်းယူခြင်း ဒါမှမဟုတ် ထိန်းချုပ်ခြင်း ဒါမှမဟုတ် ထိန်းချုပ်တယ်လို့ ကြေညာခြင်းတွေ လုပ်နေပါတယ်။ တရုတ်အနေနဲ့ အဲဒီလို လုပ်ခွင့်မရှိပါဘူး” ဟု တေလာဆင်က ပြောကြားခဲ့သည်။

တရုတ်အစိုးရသည် ၁၉၄၀ ပြည့်လွန် နှစ်များကာလက မြေပုံများပေါ်ရှိ အစက်မျဉ်းကိုးခုအပေါ် အခြေခံလျက် တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောကြားထားသည်။

အပြည်ပြည်ဆိုင်ရာ ခုံရုံးအဖွဲ့က တရုတ်အနေဖြင့် ယင်းကဲ့သို့ အခိုင်အမာ ပြောကြားရအောင် ဥပဒေရေးရာအရ အခြေအမြစ်မရှိဟု လွန်ခဲ့သည့်နှစ်က ဆုံးဖြတ်ခဲ့သော်လည်း တရုတ်က ယင်းဆုံးဖြတ်ချက်ကို ပယ်ချခဲ့သည်။

တေလာဆင်က “ကျွန်းတုတွေဆောက်ပြီး အဲဒီကျွန်းတွေပေါ်မှာ စစ်ဘက်ဆိုင်ရာ အခြေချမှုတွေ လုပ်နေတာဟာ ရုရှားက ခရိုင်းမီးယားကို သိမ်းပိုက်တာနဲ့ အတူတူပါပဲ” ဟု ပြောကြားခဲ့သည်။

ထရန့်က တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အမေရိကန်က ဆယ်စုနှစ်နှင့်ချီလျက် လက်ခံထားမှုကို စွန့်လွှတ်နိုင်သည်ဟု အရိပ်အမြွက်ပြခဲ့ပြီး တရုတ်စစ်တပ်ကလည်း အင်အားပြသည့်အနေဖြင့် သူ၏ လျောင်နင် လေယာဉ်တင်သင်္ဘောကို ထိုင်ဝမ်ရေလက်ကြားအား ဖြတ်သန်းမောင်းနှင်ပြခြင်းနှင့်အတူ စစ်ရေးလုပ်ဆောင်ချက်များ မြှင့်တင်ခဲ့သောကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်နေစဉ် ယခုကဲ့သို့ တေလာဆင်၏ မှတ်ချက်များ ထွက်ပ်ါလာခြင်းဖြစ်သည်။

တေလာဆင်၏ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီသို့ ပြောကြားခဲ့သော မှတ်ချက်များတွင် မြောက်ကိုရီးယားကို ထိန်းချုပ်ရေး၌ အလုံအလောက်ကူညီရန် တရုတ်၏ ပျက်ကွက်မှုကိုလည်း ဝေဖန်ခဲ့သည်။



Credit To >> > Eleven Media Group

0 comments:

Post a Comment