27.7.13

လေထုညစ်ညမ်းမှု လျှော့ချရေးအတွက် ဒေါ်လာ ၂၇၇ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် တရုတ် စီစဉ်

တရုတ်နိုင်ငံတွင် လာမည့် ငါးနှစ်အတွင်း လေထု ညစ်ညမ်းမှုများကို တိုက်ဖျက်နိုင်ရေးအတွက် အစိုးရက ဒေါ်လာ ၂၇၇ ဘီလီယံ ရင်းနှီးမြှုပ်နှံ သွားရန် စီစဉ်လျက် ရှိသည်ဟု နိုင်ငံပိုင် မီဒီယာက သတင်း ထုတ်ပြန်ကြောင်း Reuters သတင်းဌာနက ရေးသား ဖော်ပြသည်။


ဖန်လုံအိမ် အာနိသင် ထုတ်လွှတ်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် များစွာ ဝေဖန်ခံခဲ့ရသည့် တရုတ် အစိုးရက ယခုကဲ့သို့ လေထု ညစ်ညမ်းမှု တိုက်ဖျက်ရေးအတွက် ငွေကြေး မြောက်မြား စွာ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကို ကြည့်လျှင် တရုတ် အစိုးရသည် ကမ္ဘာ့အလယ်တွင် ဆူပါပါဝါနိုင်ငံ တစ်နိုင်ငံ၏ တာဝန်သိမှုကို ထုတ်ဖော် ပြသရန် ကြိုးပမ်းနေမှုကို ပြသခြင်းဖြစ်သလို ပြည်တွင်း လူမှု မကျေနပ်မှုများ၏ အဓိက ရင်းမြစ်ကို ဖြေရှင်းရန် ကြိုးပမ်းမှုကိုပါ ပြသ လိုက်ခြင်း ဖြစ်သည်။

တရုတ် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲရေး အကယ်ဒမီ၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဝမ်ဂျင်နန်၏ အဆိုအရ ရင်းနှီးမြှုပ်နှံမှုပြုမည့် ဒေါ်လာ ၂၇၇ ဘီလီယံ (ယွမ်ငွေ ၁ ဒသမ ၇ ထရီလီယံ) ကို လေထု ညစ်ညမ်းမှု ကြီးမားစွာ ဖြစ်ပေါ်နေသည့် ပြည်နယ်၊ ဒေသများတွင် အသုံးပြုသွား မည် ဖြစ်သည်ဟု The China Daily သတင်းစာက ကိုးကား ဖော်ပြသည်။

မစ္စတာ ဝမ်ဂျင်နန်သည် အဆိုပါ အစီအစဉ်အတွက် အဆိုကြမ်း ရေးဆွဲရာ တွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး ၎င်း၏ အဆိုအရ လေထုညစ်ညမ်းမှု ကြီးမားစွာ ဖြစ်ပေါ်နေသည့် ဒေသများ အပါအဝင် လေထု ညစ်ညမ်းမှု အဆင့် ၂ ဒသမ ၅ ထိ ရောက်ရှိနေသော ဒေသများအတွက်ပါ ယင်းငွေများ ကို အသုံး ပြုသွားမည် ဖြစ်သည်။

ယခု အစီအစဉ်တွင် အဓိက ပစ်မှတ်ထားသော ဒေသများမှာ လေထု ညစ်ညမ်းမှု ဆိုးရွားစွာ ဖြစ်ပေါ်လျက်ရှိသော တရုတ်နိုင်ငံ မြောက်ပိုင်း၊ အထူးသဖြင့် ဘေဂျင်း၊ တီယန်ဂျင်းနှင့် ဟီဘေး ပြည်နယ်တို့ ဖြစ်ကြကြောင်း The China Daily က ဖော်ပြသည်။

တရုတ် အစိုးရသည် အဆိုပါ ပြည်နယ် ဒေသများမှ ယခု ၂၀၁၂ ခုနှစ်တွင် တိုင်းတာ ရရှိထားသော လေထု ညစ်ညမ်းမှု အဆင့်ကို လာမည့် ၂၀၁၇ ခုနှစ်တွင် ၂၅ ရာခိုင်နှုန်းထိ လျှော့ချသွားရန် စီစဉ်ထားသည်။

‘အဲဒီ ပြည်နယ် ဒေသကြီးတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မြူနဲ့ မီးခိုးတွေ ထူထပ်နေခဲ့တဲ့ ကိစ္စဟာ အများပြည်သူတွေ အာရုံစိုက်စရာ အရေးကိစ္စကြီး တစ်ခု ဖြစ်ခဲ့ပါတယ်’ ဟု တရုတ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

တရုတ် ကျန်းမာရေး သုတေသီများ၏ အဆိုအရ အဆိုပါ မီးခိုးနှင့် မြူများ သည် လူတို့၏ အဆုတ်တွင်းသို့ ဝင်ရောက် နေနိုင်ပြီး အသက်ရှူ လမ်းကြောင်းနှင့် အခြား ရောဂါ ဝေဒနာများကို ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

The Voice Weekly

0 comments:

Post a Comment