27.7.13

တရုတ်နှင့် မြောက်ကိုရီးယားအရေး ဂျပန် ကြားဖြတ် ကာကွယ်ရေး အစီရင်ခံစာ ထုတ်

နျူကလီးယားနှင့် ဒုံးကျည် စမ်းသပ်မှုများ အကြိမ်ကြိမ် ပြုလုပ်လေ့ ရှိသော မြောက်ကိုရီးယားနှင့် ရေတပ်အင်အား တိုးချဲ့လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကို အထူးပြု လေ့လာထားသည့် ဂျပန် အစိုးရ အဖွဲ့ထံ တင်ပြမည့် ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန၏ ကြားဖြတ် ကာကွယ်ရေး အစီရင်ခံစာ ထွက်လာကြောင်း အဆာဟိရှင်ဘွန်း သတင်းစာ က ရေးသား ဖော်ပြထားသည်။


ဂျပန်စစ်တပ် အနေနှင့် အမေရိကန်ပုံစံ မရိန်း ကမ်းတက် တိုက်ခိုက်ရေး တပ်များ ဖွဲ့စည်း လေ့ကျင့်ထားရန် လိုအပ်ကြောင်း အဆိုပါ ကာကွယ်ရေး ကြားဖြတ် အစီရင်ခံစာက ဖော်ပြထားသေးသည်။

“ဂျပန်ရဲ့ အမျိုးသား လုံခြုံရေး မိုးလေဝသဟာ စိုးရိမ်စရာတွေ ရှိလာပါတယ်” ဟု အဆိုပါ အစီရင်ခံစာ က ဖော်ပြထားသည်။

ယင်းအစီရင်ခံစာသည် တရုတ် ရေတပ်အင်အား ပိုမို တိုးချဲ့ လာခြင်းနှင့် မြောက်ကိုရီးယား နျူကလီးယား အန္တရာယ်ကို မီးမောင်းထိုး ဖော်ပြထားသည်။

“ကမ်းဝေးကျွန်းတွေရဲ့ ပြင်ပကနေ တိုက်ခိုက်လာမှု တုံ့ပြန်နိုင်ဖို့ အတွက် လေကြောင်းနဲ့ ပင်လယ်ပြင် တိုက်ခိုက်စွမ်းရည်ကို တိုးမြှင့်ဖို့ မရှိမဖြစ် လိုပါတယ်” ဟု ယင်းအစီရင်ခံစာက အစိုးရကို တိုက်တွန်း ထားသည်။

ကမ်းဝေးကျွန်းများကို တိုက်ခိုက်ခံရသည့်အခါတွင် ချက်ချင်း ပြန်လည် တုံ့ပြန်နိုင်ရန်အတွက် အမေရိကန်ပုံစံ ကမ်းတက် မရိန်း တပ်ဖွဲ့များ လည်း လေ့ကျင့် ဖွဲ့စည်းထားသင့်သည်ဟု အကြံပြုထားသေးသည်။

လမ်းညွှန်ချက် အသစ်များကို ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက စုစည်း တင်ပြခြင်းဖြစ်ကာ ယခုနှစ် အဆုံးပိုင်းတွင် အပြီးသတ်နိုင်မည်ဟု အချိန် သတ်မှတ်ထားသည်။

လက်ရှိ စစ်ရေး မူဝါဒများကို ဒီမိုကရက်တစ် ပါတီ အာဏာရစဉ် ကာလ ၂၀၁၀ ပြည့်နှစ်တွင် ရေးဆွဲထားခြင်း ဖြစ်သည်။

ဒီဇင်ဘာလတွင် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီက အာဏာ ပြန်လည် ရရှိသွားပြီးနောက် အသစ် တက်လာသည့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် စစ်ရေး မူဝါဒများကို အသစ် ပြန်လည် ချမှတ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့် စစ်ရေးအရ မဟာမိတ် ဆက်ဆံရေးကို တိုးမြှင့်ခဲ့ကာ စစ်ရေး တည်ဆောက် ဖွဲ့စည်းပုံများကိုလည်း နိုင်ငံတကာ အခင်းအကျင်းနှင့်အတူ လိုက်လံ ပြောင်းလဲ တုံ့ပြန်ခဲ့သည်။

မြောက်ကိုရီးယား ဒုံးကျည် ခြိမ်းခြောက်မှုများနှင့် စပ်လျဉ်း၍လည်း အဆိုပါ အစီရင်ခံစာတွင် ”ကာကွယ်ရေး စနစ်များကို အင်အား တိုးမြှင့် အသင့်ပြင် ထားရမည် ဖြစ်ပြီး ချက်ချင်း ပြန်လည် တုံ့ပြန်နိုင်မည့် စွမ်းဆောင်ရည် ကိုလည်း အင်အား ဖြည့်တင်းထားရမည်” ဟု သုံးသပ် ဖော်ပြထားသည်။

ဂျပန်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့်လည်း ဂျပန် အခေါ် ဆန်ကာကု တရုတ် အခေါ် ဒိုင်အိုယု ကျွန်း ပိုင်ဆိုင်မှုအရေးအတွက် အငြင်းပွားလျက် ရှိကာ နှစ်ဖက်လုံး၌ အမျိုးသားရေး စိတ်ဓာတ်များ ပြန်လည် ပြင်းထန်လျက် ရှိသည်။

The Voice Weekly

0 comments:

Post a Comment