16.8.13

ထုတ်ကုန်သွင်းကုန် အကျိုးဆောင်မှတ်ပုံတင်နှင့် သက်တမ်းတိုးကြေး ကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံ

ထုတ်ကုန်သွင်းကုန်ဆိုင်ရာ စီးပွားရေး အကျိုးဆောင်များ၏ မှတ်ပုံတင်ကြေးနှင့် လိုင်စင်သက်တမ်းတိုးကြေးတို့ကို အမေရိကန်ဒေါ်လာနှင့် ကောက်ခံနေသည့်အစား ယခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှစ၍ မြန်မာကျပ်ငွေဖြင့် ပြောင်းလဲသတ်မှတ်ထားကြောင်း ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးက ပြောကြားသည်။


စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်ကြေးကို ကျပ်နှစ်သိန်းနှင့် လိုင်စင်သက် တမ်းတိုးကြေးကို ကျပ်တစ်သိန်း သတ်မှတ်ထားပြီး လိုင်စင်သက်တမ်းကို တစ်နှစ်သတ်မှတ်ထားကြောင်း ၎င်းကဆိုသည်။

“ဒီလိုပြောင်းလဲ ကောက်ခံတယ်ဆိုတာ မြန်မာကျပ်ငွေ ပိုပြီး ခိုင်မာစေဖို့ပါ” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိ စီးပွားရေးမူဝါဒနှင့် မလျော်ညီသော သတ်မှတ် စည်းကမ်းချက်များ၊ လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့လျက်ရှိရာ ယင်းစီးပွားရေး အကျိုးဆောင် မှတ်ပုံတင်ကြေးနှင့် လိုင်စင်ကြေးကို အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ တစ်ထောင်နှုန်းဖြင့် သတ်မှတ်ကာ ပြောင်းလဲသတ်မှတ် လိုက်ခြင်း ဖြစ်ကြောင်း ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့်အတူ ကုန်သွယ်မှု တိုးမြှင့်ရေးနှင့် ကုန်သွယ်မှုပမာဏ လျာထားချက် ပြည့်မီရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများ သည် ခေတ်နှင့် လျော်ညီသော လုပ်ထုံးလုပ်နည်းများ ဖြစ်လာစေရန် ဆောင်ရွက်လျက်ရှိပြီး ပို့ကုန် တိုးမြှင့်ရေးအတွက် အမျိုးသားအဆင့် ပို့ကုန် တိုးမြှင့်ရေး မဟာဗျူဟာကို ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။

တရားမဝင် ကုန်သွယ်မှု လျှော့ချနိုင်ရေးအတွက် တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို လှုပ်ရှားအဖွဲ့များနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် စစ်ဆေးပြီးနောက် ယခုအခါ ရန်ကုန် ဆိပ်ကမ်းရှိ ပြည်တွင်း ကမ်းရိုးတန်းသွား ရေယာဉ်အားလုံးကို စစ်ဆေးလျက်ရှိသော ရေကြောင်း လှုပ်ရှားအဖွဲ့ကို ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနက ဆောင်ရွက်လျက် ရှိသည်။

The Voice Weekly

0 comments:

Post a Comment