16.8.13

သရက် အထွက်နှုန်း ကောင်းမည့် နည်းလမ်းများ ပညာပေးမည်

မန္တလေးတိုင်းဒေသကြီးမှ အဓိကစိုက်ပျိုး တင်ပို့သည့် သရက်သီးများ အထွက်နှုန်း ကောင်းစေရေး အတွက် အထွက်နှုန်း ထိခိုက်ခြင်းကို ကာကွယ် သည့် နည်းလမ်းများ တောင်သူများထံ ပညာပေးခြင်း ဆွေးနွေးပွဲကို သြဂုတ်လ ၁၉ ရက်နေ့တွင် ပလိပ်မြို့ရှိ သဇင်နွယ် သရက်ခြံတွင် ကျင်းပ သွားမည် ဖြစ်ကြောင်း သရက် အစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က ပြောကြားသည်။


သရက်ပင်များ လာမည့် သရက်သီး ထွက်ရှိသည့် ရာသီတွင် အထွက်နှုန်း ကောင်းစေရန်အတွက် ယခုအချိန်ကတည်းက မှိုသတ်ဆေးနှင့် ပိုးသတ်ဆေး သုံးစွဲရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

သရက် တောင်သူ ၈၀ ရာခိုင်နှုန်းခန့်သည် ကာကွယ်ဆေး မသုံးသည့် အတွက် တောင်သူ ပညာပေးရေးများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် သင့်ကြောင်း မန္တလေးမြို့တော်ရှိ စိုက်ပျိုးရေး ပညာရှင် တစ်ဦးက ပြောကြား သည်။

သရက်ပင်များတွင် ဖြစ်ပွားတတ်သည့် မှိုရောဂါကြောင့် ပြီးခဲ့သည့် သရက်သီး ထွက် ရာသီက အထွက်နှုန်း ကျဆင်းခဲ့သဖြင့် လာမည့်နှစ်တွင် အထွက်နှုန်း တိုးစေရန် ယခုအချိန်ကတည်းက ကာကွယ်ထားသင့်ကြောင်း သရက်ခြံ ပိုင်ရှင် အချို့က ပြောကြားသည်။

“ခုချိန် သရက်ပင်မှာ ကပ်နေတဲ့ မှိုက မိုးရွာတော့ ပိုပြန့်တယ်။ ရောဂါပိုး ကျတဲ့ သရက်ကိုင်းတွေ ချိုးရမယ်၊ သရက်ပွင့်မယ့် ကိုင်းဆိုတာ အရွက်နု ထွက်တာနဲ့ သိနိုင်တယ်။ ထွက်လာမယ့်အပွင့်တွေမှာ မှိုမကျအောင်လို့ ခုကတည်းက မှိုသတ်ဆေး ဖျန်းသင့်တယ်” ဟု သရက် စိုက်ပျိုးရေး ပညာရှင်က ဆိုသည်။

သရက်သီး ပွင့်ချိန်တွင် မှိုကျသဖြင့် သရက်သီး ထွက်နှုန်း ၂၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိ ကျဆင်း နိုင်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ သရက်သီး တင်ပို့ ရောင်းချမှုမှာ ယခုနှစ် ဧပြီလမှ ဇူလိုင်လ ၁၈ ရက်နေ့ထိ တန်ချိန် ၃၂,၀၀၀ ကျော် ရှိပြီး ပြီးခဲ့သည့်နှစ် အလားတူကာလဖြင့် နှိုင်းယှဉ်ပါက တန်ချိန် ခုနစ်ထောင် ကျော် တင်ပို့မှု ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာနရှိ စာရင်းများ အရ သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် သရက်သီး စိုက်ပျိုးဧက နှစ်သောင်းခန့် ရှိကြောင်း သရက် အစုအဖွဲ့ထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment