22.9.13

ကမ္ဘာ့မော်တော်ယာဉ်မသုံးရနေ့ (World Car Free Day)

သင့်မှာသာ အချိန်ရှိရင် နေရာတိုင်းဟာ လမ်းလျှောက်သွားလို့ရတဲ့ အကွာအဝေးချည်းပဲ။ စတီဗန်ရိုက်တ် (၁၉၅၅ ခုနှစ်ဖွား အမေရိကန်စာရေး ဆရာ၊ သရုပ်ဆောင်)

ဒီနေ့က မော်တော်ယာဉ် သုံးစွဲသူတွေ အားလုံးကို သူတို့ကားတွေ အသုံးပြုမှုအား တစ်ရက်တာ အနားပေးထားကြဖို့ လှုံ့ဆော် ကျင်းပတဲ့နေ့ပါ။

‘လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းတွေကို မြှင့်တင်ပြီး အိမ်နဲ့နီးတဲ့အလုပ် လုပ်ကိုင်တဲ့သူတွေနဲ့ လမ်းတစ်လျှောက်စာ အတွင်းမှာရှိတဲ့ ဈေးဝယ် စင်တာတွေနားမှာ နေထိုင်တဲ့သူတွေရဲ့ သက်သာမှုတွေကို သတိပြု ကျင့်သုံးလာစေဖို့ ကျင်းပ ပေးတဲ့နေ့လည်း ဖြစ်ပါတယ်။

ဒီနေ့ကို ကျင်းပတဲ့အခါ နေရာဒေသအလိုက် ကျင်းပပုံ သတ်မှတ်ချက်တွေ အမျိုးမျိုး ကွဲပြားနေပါတယ်။ မော်တော်ယာဉ် သုံးစွဲသူတွေနဲ့ ပုံမှန်ခရီးဝေး အလုပ်ဆင်းရသူတွေရဲ့ ပူးပေါင်း ပါဝင်နိုင်မှု အနေအထားပေါ်လိုက်ပြီး အကျိုးရှိမှု ရာခိုင်နှုန်းတွေ ကွာခြားတာမျိုးပါ။ ဒီနေ့ကို စတင်ဖြစ်ပေါ်စေခဲ့တဲ့ အကြောင်းအရင်းက ၁၉၇၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ လောင်စာဆီ အကျပ်အတည်း ကိစ္စကြီးမှာ အခြေခံနေပါတယ်။ ၁၉၉၄ ခုနှစ် အောက်တိုဘာလက စပိန်နိုင်ငံ တိုလီဒိုမြို့မှာ ICA (International Ciudades Accessibles) ဆွေးနွေးပွဲကြီးကို ကျင်းပဖြစ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကြီး မှာ အမေရိကန်နိုင်ငံရေး သိပ္ပံပညာရှင်လည်းဖြစ်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွ လှုပ်ရှားသူလည်းဖြစ်တဲ့ အဲရစ်ခ်ဘရစ်တန် (၁၉၃၈ ခုနှစ်ဖွား) က အဆိုပါ လောင်စာဆီ အကျပ်အတည်း ကိစ္စကြီးကို အဓိကထားကာ သဘာဝ ပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ နေ့တစ်နေ့ ကျင်းပကြဖို့ တိုက်တွန်းခဲ့ပါတယ်။

၁၉၉၄ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ မော်တော်ယာဉ် မသုံးရနေ့ လှုပ်ရှားမှုကြီးကို ပထမဦးဆုံး ဆယ်စုနှစ်အဖြစ် မြို့ပေါင်း ရာနဲ့ချီကာ ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ စစချင်း ၂ နှစ် အတွင်းမှာတော့ အိုက်စလန်၊ အင်္ဂလန်နဲ့ ပြင်သစ် သုံးနိုင်ငံက တစ်မြို့စီမှာသာ ကျင်းပနိုင်ခဲ့ကြတာပါ။ ၁၉၉၅ ခုနှစ်မှာ ကမ္ဘာ့ မော်တော်ယာဉ် မသုံးရနေ့များဆိုင်ရာ ယာယီ အဖွဲ့အစည်းကြီးက ဒီနေ့ကို ကမ္ဘာအနှံ့ ပျံ့နှံ့ စေဖို့ ဦးစီးထောက်ပံ့ ပေးခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ ဗြိတိန် တစ်နိုင်ငံလုံး ဒီနေ့ကို ပါဝင်ဆင်နွှဲ လာစေဖို့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သယ်ယူ ပို့ဆောင်ရေး အသင်းအဖွဲ့ကြီး ETA (Environmental Transport Association) က နိုင်ငံလုံးဆိုင်ရာ လှုံ့ဆော်ပွဲကြီးကို ကျင်းပပေးခဲ့ပါတယ်။

၁၉၉၈ ခုနှစ်မှာ ပြင်သစ်ကလည်း ထိုနည်းတူ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် ရောက်တဲ့အခါမှာ ဥရောပ ကော်မရှင်အဖွဲ့ရဲ့ စည်းရုံး လှုပ်ရှားမှုတွေကြောင့် ဒီနေ့ကို ဥရောပနိုင်ငံတွေ အားလုံး ပါဝင်ဆင်နွှဲ ခဲ့ကြပါတယ်။ စက်တင်ဘာလ ၂၂ ရက်နေ့ကို ဥရောပတိုက် တစ်တိုက်လုံး ပါဝင်ကျင်းပရမယ့်နေ့ (Pan-European Day) လို့ကို သတ်မှတ်လိုက်ကြတာပါ။

နေ့တိုင်းကားတွေ ပြည့်နှက်နေတဲ့ လမ်းမတွေမှာ ကားတွေ ဖြတ်သန်းသွားလာမှု မရှိတဲ့အခါ ဘာတွေ အကျိုးရှိလာနိုင်သလဲ။ လမ်းလျှောက်ခြင်းနဲ့ စက်ဘီးစီးခြင်းက လူသားတွေကို ဘယ်လောက် အကျိုးပြုသလဲ။ ကားတွေကြောင့် ဖြစ်ရတဲ့ ညစ်ညမ်းမှုတွေနဲ့ ဆူညံသံတွေ မရှိတဲ့ တစ်နေ့တာဟာ ပျော်မွေ့ဖွယ်ကောင်းရဲ့လား။ ကားတွေကြောင့် ဖြစ်ရတဲ့ မတော်တဆမှုတွေ နည်းလာဖို့ အကျိုးပြုနိုင်လား။ ဒီနေ့မှာ ပါဝင်ဆင်နွှဲပြီးရင် ဒီမေးခွန်းတွေကို ဖြေကြည့်ပါတဲ့။ အားလုံးကို အဆွေသဘောတူရင်တောင် တကယ်တော့ ဒီနေ့ကျင်းပမှုဟာ သဘာဝပတ်ဝန်းကျင်ကြီးအတွက် သေးငယ်တဲ့ ခြေတစ်လှမ်း သာ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာ မြို့ပေါင်း ထောင်ချီတဲ့အထိ ဒီနေ့ကို ပူးပေါင်း ပါဝင်လာကြပါတယ်။ ဆယ်စုနှစ်တစ်ခုကို ဖြတ်သန်းပြီးခဲ့တဲ့ အတွေ့အကြုံတွေအရ ဒီနေ့ကို ပူးပေါင်း ပါဝင်လာနိုင်မှုအားဟာ လက်ခံကျင်းပတဲ့ မြို့တွေရဲ့ မော်တော်ယာဉ် ထိန်းချုပ်မှု အဖွဲ့အစည်း သြဇာနဲ့ ကျွမ်းကျင်စွာ ကိုင်တွယ်တတ်မှုအပေါ် မူတည်နေတာကို တွေ့ရှိရပါတယ်။ မြို့နေလူထု အားလုံးရဲ့ဆန္ဒတွေကို ကောက်ယူပြီး အခြေခံ စည်းမျဉ်းစည်းကမ်းတွေနဲ့ အတည်တကျ ဖွဲ့စည်း သတ်မှတ်လိုက်ရင် ဒီနေ့ကျင်းပမှုကို မပါဝင်ချင်သူ ရာခိုင်နှုန်း ထင်သလောက် မများတာကိုလည်း အမြဲလိုလို တွေ့ကြုံရပါတယ်။ ဒီတစ်ရက် ကလေးတောင် ကားမသုံးရရင် မဖြစ်ဘူးလို့ အကြောင်းပြချက်များစွာနဲ့ အာခံဆန့်ကျင်မယ့် သူတွေကို ဘယ်လိုသိမ်မွေ့စွာ ကိုင်တွယ်တတ်သလဲဆိုတဲ့ အချက်ဟာလည်း မူမတူသူတွေ ယှဉ်တွဲကျင့်သုံးတဲ့ ဒီမိုကရေစီစနစ် အတွင်းက သည်းခံနိုင်မှု အတိုင်းအဆကို နည်းလမ်းတစ်မျိုးနဲ့ စမ်းသပ်လိုက်တာ ဖြစ်ပါတယ်လို့ ဥရောပ ကော်မရှင် အဖွဲ့က ဆိုထားပါတယ်။

၂၀၀၇ ခုနှစ်မှာတော့ ဒီနေ့ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာပါ အကြီးအကျယ် ကျင်းပခဲ့ကြပါတယ်။ စက်ဘီးစီးနေသူတွေနဲ့ လမ်းလျှောက် နေသူတွေက ဂျာကာတာရဲ့ သည်းခံနိုင်မှု အားနဲ့ ကမ္ဘာမြေအပေါ် အလေးထားမှုကို ပေါ်ပေါ်ထင်ထင် ပြသနိုင်ခဲ့ကြတယ်လို့ ဂုဏ်ပြုမှတ်တမ်းတင် ထားကြပါတယ်။ Let's Round Jakarta ဆိုတဲ့ ဒီနေ့သီချင်းကို Youtube မှာ ရှာဖွေ နားဆင်ကြည့်လို့ ရပါတယ်။ နောက်ပိုင်းမှာတော့ ဒီနေ့ကို ကျင်းပတဲ့အခါ နှစ်မျိုးနှစ်စား ကွဲပြားလာပါတယ်။ တစ်မျိုးက ကားနည်းသွားအောင် ခွဲခြားကျင်းပတာ (Less-car) ဖြစ်ပြီး နောက် တစ်မျိုးကတော့ ဘယ်ကားမှမရွေးဘဲ အသုံးမပြုစေတာ (Car-less) ပါ။

၂၀၁၃ ခုနှစ်အတွက် ဒီနေ့ရဲ့ ဦးတည်ဆောင်ပုဒ်က 'Clean Air-It's Your Move!' ပါ။ ‘သန့်ရှင်းတဲ့လေ-သင့် လှုပ်ရှားမှုပေပဲ’ လို့ အနက်ကောက်လိုက်ပါတယ်။

(လူသာမန်)
The Voice Weekly

0 comments:

Post a Comment