10.10.13

လက်ရွေးစင် ကစားသမား ဘဝကို ဦးနှောက်နဲ့ ရွေးမလား၊ နှလုံး သားနဲ့ ရွေးမလား

လက်ရှိ အချိန်မှာလည်း လက်ရွေးစင်အသင်း ရွေးချယ်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ၊ ဝေဖန်စရာ ကိစ္စတွေ ထွက်ပေါ်စေမယ့် ကစားသမား နှစ်ယောက်ကြောင့် ဖီဂိုနဲ့ ဒေကို ဇာတ်လမ်းဟောင်းဟာ ပုံစံသစ် တစ်မျိုးနဲ့ နိုးထလာခဲ့ပြီ ဖြစ်ပါတယ်။
လက်ရွေးစင် ကစားသမား ဘဝကို ဦးနှောက်နဲ့ ရွေးမလား၊ နှလုံးသား နဲ့ ရွေးမလားခင်ဗျားအနေနဲ့ တရုတ်လူမျိုး တစ်ယောက်အဖြစ် မွေး ဖွား လာရင် တရုတ်နိုင်ငံ လက်ရွေးစင် အသင်းအတွက်ပဲ ကစားရပါလိမ့်မယ်။ တကယ်လို့ စပိန်ကလပ် တစ်ခုမှာ ဘောလုံးကစားနေတဲ့အတွက် စပိန်လက်ရွေးစင် အသင်းမှာ ကျွန်တော်ပါဝင်ခဲ့မယ် ဆိုရင် စပိန်နိုင်ငံသားတွေ ပျော်ရွှင်ကြမယ်လို့ မထင်ဘူး။ ဒါကျွန်တော့် အမြင်ပဲ။ ပေါ်တူဂီ လက်ရွေးစင် အသင်းမှာ ဒေကို အရွေးခံရပေမယ့် ကျွန်တော့် အမြင်ကိုတော့ ဘယ်တော့မှ မပြောင်းနိုင်ပါဘူး။ လူးဝစ်ဖီဂို (ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း)

(၂၀၀၃)ခုနှစ်မှာ ဘရာဇီးလ် ဘောလုံးသမား ဒေကိုတစ်ယောက် ပေါ်တူဂီ လက်ရွေးစင် အသင်းအတွက် ရွေးချယ်ခံလိုက်ရချိန်မှာ ဖီဂိုပြောခဲ့တဲ့ စကားဟာ ဘောလုံးလောကမှာ စကားရည် လုပွဲတစ်ခု ဖန်တီးခဲ့ဖူးပါတယ်။ တကယ်တော့ပရော်ဖက်ရှင်နယ် ဘောလုံးသမားတချို့ မွေးရပ်ဇာတိ နိုင်ငံမဟုတ်တဲ့ လက်ရွေးစင် အသင်းကို ကိုယ်စားပြုတိုင်း အငြင်းပွားစရာတွေ ထွက်ပေါ်ခဲ့ဖူးတာ ခေတ်အဆက်ဆက် ကတည်းကလို့ ဆိုနိုင်ပါတယ်။ လက်ရှိ အချိန်မှာလည်း လက်ရွေးစင်အသင်း ရွေးချယ်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ၊ ဝေဖန်စရာ ကိစ္စတွေ ထွက်ပေါ်စေမယ့် ကစားသမား နှစ်ယောက်ကြောင့် ဖီဂိုနဲ့ ဒေကို ဇာတ်လမ်းဟောင်းဟာ ပုံစံသစ် တစ်မျိုးနဲ့ နိုးထလာခဲ့ပြီ ဖြစ်ပါတယ်။

ဒီယေဂို ကော်စတာဟာ ဘရာဇီးလ်မှာ မွေးဖွားသူဖြစ်ပြီး ဘရာဇီးလ် လက်ရွေးစင် အသင်းရဲ့ ခြေစမ်းပွဲ (၂)ပွဲမှာ ကစားဖူးခဲ့ပါသေးတယ်။ ဒါပေမဲ့ စပိန်ဘောလုံးကလပ် အက်သလက်တီကို မက်ဒရစ်ရဲ့ တိုက်စစ်မှူးဟာ စပိန်နိုင်ငံသား ခံယူခွင့် ရခဲ့တဲ့နောက် အံ့ဩစရာ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ခဲ့ပါတယ်။ အဲဒါကတော့ စပိန်လက်ရွေးစင် အသင်းအတွက် ကိုယ်စားပြုဖို့ ပြောင်းလဲ ရွေးချယ်လိုက်တာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် FIFAရဲ့ စည်းမျဉ်းတွေအရ လူငယ်အဆင့် ပြိုင်ပွဲတွေမှာ နိုင်ငံတစ်ခု ကို ကိုယ်စားပြုဖူးတဲ့ ကစားသမား တစ်ယောက်ဟာ FIFAရဲ့ နိုင်ငံသားဖြစ် ခွင့် သတ်မှတ်ချက်တွေနဲ့ ညီညွတ်နေတဲ့ တခြားနိုင်ငံ တစ်ခုကို အလွယ်တ ကူ ကိုယ်စားပြုခွင့် ရှိပါတယ်။ ဒါပေမဲ့ လက်ရွေးစင် အသင်းတစ်ခုအတွက် ပါဝင်ပြီးပြီ ဆိုရင်တော့ နောက်ထပ် ကိုယ်စားပြု နိုင်ငံတစ်ခု ပြောင်းလဲဖို့အ တွက် အထူးခွင့်ပြုချက်မျိုး လိုအပ်မှာ ဖြစ်ပါတယ်။

ကော်စတာဟာ မွေးရပ်နိုင်ငံကို ကိုယ်စားပြုပြီးသား ဖြစ်လျှက်နဲ့ စပိန်အသင်းရဲ့ ဂျာစီကို ပြောင်းလဲဝတ်ဆင်ချင်တာကြောင့် FIFAဆီက အထူးခွင့်ပြုချက် ရယူဖို့ လုပ်ဆောင်ခဲ့ပါတယ်။ သူ့လုပ်ရပ်အပေါ် ဘရာဇီးလ် ဘောလုံးပရိသတ်က နာကျည်းခဲ့ပြီး စပိန်ရဲ့ လက်ရှိ အောင်မြင် မှုတွေကြောင့် ဇာတိနိုင်ငံကို ခြေစုံကန်တယ်ဆိုပြီး စွပ်စွဲခဲ့ကြပါ တယ်။ ကော်စတာ အနေနဲ့ စပိန်မှာ (၅)နှစ်ကြာ ကစားပြီးတဲ့နောက် စပိန်နိုင်ငံသား ခံယူခွင့် ရရှိခဲ့ပြီး လက်ရွေးစင်အသင်း ခံယူချက်ကိုပါ ပြောင်း လဲလိုက်တာပါ။ ကော်စတာရဲ့ အရှုပ်အထွေးဟာ ဘောလုံးအင် အားကြီး နိုင်ငံနှစ်ခုကြားမှာ ရှားရှားပါးပါး ကြုံရတဲ့ ပြဿနာ တစ်ခုပါပဲ။

နောက်ထပ် အငြင်းပွားစရာ အခြေအနေနဲ့ ဆက်နွယ်လာသူကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ တောက်ပလာတဲ့ လူငယ် ကစားသမားလေး အက်ဒ်နန် ယာနူဇက်ဂ်ျပဲ ဖြစ်ပါတယ်။ အသက်(၁၈)နှစ်ပဲ ရှိသေးတဲ့ ချာတိတ်လေးဟာ ပရီးမီးယားလိဂ်မှာ ပထမဆုံး ပွဲထွက်(၁၁)ယောက်စာရင်း ပါဝင်ခွင့် ရခဲ့တဲ့နောက် ဆန်းဒါးလန်းနဲ့ပွဲမှာ (၂)ဂိုး သွင်းယူပြခဲ့ပါတယ်။ ပြောင်မြောက်တဲ့ သွင်းဂိုးတွေကြောင့် ဗြိတိန်မီဒီယာတွေက ယာနူဇက်ဂ်ျကို တခုတ်တရ ချီးကျူးခဲ့ကြသလို အနာဂတ်မှာ တောက်ပမယ့် ကြယ်ပွင့်လေးအဖြစ် ညွှန်းဆိုခဲ့ကြတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီကြယ်ပွင့်လေးကို ဝိုင်းလုကြမယ့် ကြယ်လုပွဲတစ်ရပ်ကို (၆)ပြည်ထောင် ဘောလုံးအဖွဲ့ချုပ်တွေ ဆင်နွှဲဖြစ်ဖို့ အကြောင်းဖန်လာတာပဲ ဖြစ်ပါတယ်။

ယာနူဇက်ဂ်ျဟာ ဘယ်လ်ဂျီယံ နိုင်ငံမှာ မွေးဖွားခဲ့သူပါ။ ဘောလုံးသမား ဘဝကိုလည်း ဘယ်လ်ဂျီယံ ကလပ်တစ်ခုဖြစ်တဲ့ အန်းဒါးလက်ခ်ျ လူငယ်အသင်းမှာ အစပြုခဲ့ပါတယ်။ ဒါကြောင့်လဲ ယူနိုက်တက်မှာ တောက်ပ လာတာနဲ့ သူ့ကို ဘယ်လ်ဂျီယံ အသင်းနည်းပြ မာ့ခ်ဝီလ်မော့တ်က လက်ရွေးစင် လူစာရင်းအတွက် ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ယာနူဇက်ဂ်ျက တိုးတက်မှုကို ရှာဖွေနေချိန်မှာ လက်ရွေးစင်အသင်း ရွေးချယ်ဖို့ ကိစ္စကို မစဉ်းစားချင်သေးကြောင်း အလိမ္မာ စကားနဲ့ ငြင်းဆန်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ယာနူဇက်ဂ်ျကို အပြိုင်လုမယ့် အခြေအနေတွေ ပေါ် လာတော့တာပါပဲ။ FIFAရဲ့ လက်ရွေးစင် ကိုယ်စားပြုခွင့် စည်းမျဉ်းတွေအရ ကစားသမား တစ်ယောက်ဟာ ကိုယ်မွေးဖွားတဲ့ ဇာတိနိုင်ငံ၊ ကိုယ့်မိဘတွေရဲ့ ဇာတိနိုင်ငံ၊ အဖိုးအဖွားတွေရဲ့ ဇာတိနိုင်ငံတွေအတွက် ကိုယ်စားပြုခွင့် ရှိပါတယ်။ ဒါမှမဟုတ် အသက်(၁၈)နှစ်ပြည့်ပြီး (၅)နှစ်တိုင်တိုင် စွဲစွဲမြဲမြဲ ကစားထားတဲ့ နိုင်ငံတစ်ခုကိုလည်း ရွေး ချယ်နိုင်မှာ ဖြစ်ပါတယ်။

ယာနူဇက်ဂ်ျဟာ ဘယ်လ်ဂျီယံ ပတ်စ်ပို့တ်ကို ကိုင်ဆောင်ထားပေမယ့် မျိုးရိုးစဉ်ဆက် ဆက်နွယ်မှုအရ အယ်လ်ဘေးနီးယားနဲ့ ဆာဘီးယား လက်ရွေးစင် အသင်းတွေကိုလည်း ကိုယ်စားပြုခွင့် ရှိနေပါတယ်။ သူ့ရဲ့ ဘိုးဘွားတွေကြောင့် တူရကီ လက်ရွေးစင် အသင်းကိုလည်း ချိတ်ဆက်ခွင့် ရထားပြန်တယ်။ ဒီကြားထဲ အင်္ဂလန် မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်က နောက်ထပ် (၅)နှစ်လောက် စောင့်ပြီး အင်္ဂလန် အသင်းမှာ ယာနူဇက်ဂ်ျ ပါဝင်လာစေချင်တယ်လို့ ထုတ်ပြောလာတာကြောင့် ဘောလုံးအဖွဲ့ချုပ်ကြီး (၅)ခုရဲ့ လိုလားခြင်းကို ခံရတဲ့ လူငယ်လေး ဖြစ်လာခဲ့ပါတယ်။ ဒီအခြေအနေမှာ ယာနူဇက်ဂ်ျနဲ့ ပတ်သက်ပြီး ထင်ကြေးတွေ၊ မှတ်ချက်တွေကလည်း အမျိုးမျိုး ထွက်ပေါ်လာတယ်။

တစ်ချိန်တုန်းက ဒေကိုအပေါ် ဖီဂို ပြောခဲ့တဲ့ မှတ်ချက်စကားလိုပဲ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဂျက်ဝီလ်ရှိုင်းယားက အင်္ဂလန်မှာ မွေးဖွားသူ တစ်ယောက်မဟုတ်ဘဲ အင်္ဂလန် လက်ရွေးစင်အတွက် ယာနူဇက်ဂ်ျ ကိုယ်စားမပြုသင့်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း လက်ရှိ အင်္ဂလန် အသင်းမှာ ဝီလ်ဖရိုက်ဒ် ဇာဟာနဲ့ ရာဟင်မ် စတာလင်တို့ဟာ တခြားနိုင်ငံတွေမှာ မွေးဖွားခဲ့သူတွေ ဖြစ်ပါတယ်။ ပြီးတော့ အင်္ဂလန် ကွင်းလယ် ကစားသမားဟောင်း အိုဝင်ဟားဂရေ့ဗ်ကလည်း ကနေဒါ ဇာတိပါ။ "အင်္ဂလန်မှာ (၅)နှစ် နေရုံနဲ့တော့ အင်္ဂလိပ် မဖြစ်နိုင်ပါဘူး။ စပိန်မှာ ကျွန်တော် (၅)နှစ် သွားနေရုံနဲ့ စပိန်သား ဖြစ်မလာသလိုပေါ့"လို့ ဝီလ်ရှိုင်းယားက ပြောခဲ့ပါတယ်။ ယာနူဇက်ဂ်ျ အနေနဲ့ အရည်အသွေးမြင့်မားတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားပြီး အလားအလာ ကောင်းမွန်တဲ့ ဘယ်လ်ဂျီယံကို ကိုယ်စားပြုသင့်ကြောင်း အကြံပေးသူတွေလည်း မနည်းမနောပါပဲ။

ဒါပေမဲ့ နီးစပ်သူတွေကတော့ ယာနူဇက်ဂ်ျရဲ့ နှလုံးသားဟာ အင်္ဂလန်၊ ဘယ်လ်ဂျီယံ၊ ဆာဘီးယား၊ တူရကီနဲ့ အယ်လ်ဘေးနီးယားတို့အတွက် မဖြစ်နိုင်ဘူးလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ ယာနူဇက်ဂ်ျရဲ့ မိသားစုဟာ စစ်ပွဲတွေကြောင့် ဆာဗီးယားနိုင်ငံ၊ ကိုဆိုဗို ဒေသကနေ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသူတွေပါ။ ကိုဆိုဗိုဟာ (၂၀၀၈)ခုနှစ်မှာ သမ္မတနိုင်ငံအဖြစ် သီးခြားရပ်တည်ဖို့ ကြေညာခဲ့ပေမယ့် လက်တွေ့မှာတော့ အခက်အခဲတွေနဲ့ ရုန်းကန်နေရတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။ ကိုဆိုဗို ဘောလုံးအဖွဲ့ချုပ်ဟာ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)ရဲ့ အသိအမှတ်ပြုမှုကို ခံရဖို့ စောင့်မျှော်နေပေမယ့် မအောင်မြင်သေးပါဘူး။ ယာနူဇက်ဂ်ျကတော့ ကိုဆိုဗိုအသင်း ဥရောပမှာ တရားဝင် ရပ်တည်နိုင်မယ့် နေ့ရက်ကို မျှော် လင့်နေဆဲလို့ မိတ်ဆွေရင်းတွေက မှတ်ချက်ပေးနေကြပါတယ်။ ယာနူဇက်ဂ်ျရဲ့ မိဘတွေဟာ ကိုဆိုဗိုကို အမြဲတမ်း ချစ်မြတ်နိုးခဲ့သလို အဲဒီစိတ်ခံစားချက် အမွေကိုလည်း သားဖြစ်သူဆီ အပြည့်အဝ ဆက်ခံစေခဲ့ပါတယ်။

ဘယ်လ်ဂျီယံနည်းပြ ဝီလ်မော့တ်ကတော့ ယာနူဇက်ဂ်ျရဲ့ ငြင်းပယ်မှုကို စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ပေမယ့် သဘောထားကြီးတဲ့ အမြင်မျိုး ထားနိုင်ခဲ့သူပါ။ "သူ့ရွေးချယ်မှုကို ကျွန်တော်တို့ လေးစားရမှာပေါ့။ ကစားသမား တစ်ယောက်ဟာ သူ့စိတ်ကြိုက် နိုင်ငံကို ရွေးချယ်ခွင့် ရှိရပါမယ်။ ဒီခံစားချက်မျိုးဟာ သူ့နှလုံးသားထဲက ထွက်ပေါ်လာတာပဲ မဟုတ်လား"လို့ ဝီလ်မော့တ်က ဆိုပါတယ်။ ဒါပေမဲ့ ယာနူဇက်ဂ်ျအတွက် လက်လျှော့မှာ မဟုတ်သလို ကစားသမားလေးရဲ့ မိသားစုနဲ့လည်း အချိန်ယူ ဆွေးနွေးသွားဦးမယ်လို့ ဝီလ်မော့တ်က ပြောခဲ့ပါသေးတယ်။ ယာနူဇက်ဂ်ျ အနေနဲ့ လက်ရွေးစင် အသင်းတစ်ခုကို တရားဝင် မရွေးချယ်သေးသ၍ ဝီလ်မော့တ်က မျှော်လင့်နေဦးမယ့် ပုံပါပဲ။

တကယ်တော့ ကိုဆိုဗိုဆိုတာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ရပ်တည်ကြောင်း တစ်ကမ္ဘာလုံးက အသိအမှတ် ပြုလာဖို့တောင် ရုန်းကန်နေရဆဲ အခြေအနေပါ။ ဒါပေမဲ့ မီဒီယာ အားကောင်းလွန်းတဲ့ အင်္ဂလန်၊ အလားအလာ တောက်ပလွန်းတဲ့ ဘယ်လ်ဂျီယံတို့ကို မျက်နှာလွှဲရင်း ကိုဆိုဗို လက်ရွေးစင် အသင်းဆိုတဲ့ စိတ်ကူးယဉ် အနာဂတ်ကို ယာနူဇက်ဂ်ျ စောင့်မျှော်နေပုံ ရပါတယ်။ တစ်နေ့နေ့မှာတော့ ကိုဆိုဗို မဟုတ်တဲ့ အသင်းတစ်ခုအတွက် ကစားပေးဖို့ သူရွေးချယ်ကောင်း ရွေးချယ်လိုက်နိုင်ပါတယ်။ ဒါပေမဲ့ ထိပ်တန်း ဘောလုံးနိုင်ငံကြီးတွေ တပ်တပ်မက်မက် ရှိနေတာကို မျက်နှာလွှဲရင်း ကိုဆိုဗို ဘောလုံးအသင်း တရားဝင် ဖြစ်တည်လာမယ့် နေ့မျိုးကို ဘယ်အချိန်ထိ မျှော်လင့်နေမလဲ ဆိုတာကတော့ ယာနူဇက်ဂ်ျကိုယ်တိုင် ဖြေဆိုရမယ့် မေးခွန်းတစ်ခုပါပဲ။

ညီအစ်ကိုအရင်း နှစ်ယောက်မှာ အကြီးဖြစ်တဲ့ ကီဗင်ပရင့်စ် ဘိုတန်းဟာ မိဘမျိုးရိုးကို ကိုယ်စားပြုတဲ့ ဂါနာအသင်းကို ရွေးချယ်ပြီး အငယ်ဖြစ်တဲ့ ဂျရိုမီ ဘိုတန်းက မွေးရပ်နိုင်ငံ ဂျာမနီကို ရွေးချယ်ခဲ့တဲ့ ဖြစ်ရပ်မျိုးလည်း ဘော လုံးလော ကမှာ ရှိခဲ့ပြီးပါပြီ။ တကယ်တော့ ဘောလုံးသမားတွေဟာလည်း လူသားတွေပါပဲ။ တွေးခေါ်တတ်တဲ့ ဦးနှောက်၊ ခံစားတတ်တဲ့ နှလုံးသား နဲ့ မွေးဖွားလာသူတွေချည်း ဖြစ်ပါတယ်။ လက်ရွေးစင် အသင်းတစ်ခုအတွက် ကိုယ်စားပြုဖို့ ရွေးချယ်လိုက်ချိန်မှာ သူတို့ ယုံကြည်ခံယူတဲ့ အကြောင်းပြချက် တစ်မျိုးမျိုးတော့ ရှိပါလိမ့်မယ်။ ဦးနှောက်နဲ့ တွေးတွေး၊ နှလုံးသားနဲ့ ရွေးရွေး ဆိုးမွေကောင်းမွေ မှန်သမျှကိုတော့ ကိုယ်တိုင်လက်ခံရမှာ ဖြစ်ပါ တယ်။ ဘောလုံးလောကမှာ နောက်ထပ် ဒေကိုများစွာ၊ နောက်ထပ် ကော်စတာများစွာ၊ နောက်ထပ် ယာနူဇက်ဂ်ျများစွာ ရှိလာဦးမှာ ဖြစ်သ လို ဝေဖန်သံတွေကိုလည်း ကြားနေရဦးမှာ သေချာပါတယ်။ တကယ်တော့လည်း ဘဝဆိုတာ နှလုံးသားနဲ့ ဦးနှောက်ကြား ဗျာများရတဲ့ ပဟေဠိ ကစားပွဲ တစ်ခုပဲ မဟုတ်လား။

Planet Myanmar Network

0 comments:

Post a Comment