18.10.13

လက်နက်များ တင်ဆောင်လာသည့် အမေရိကန်သင်္ဘောကို အိန္ဒိယ ဖမ်းဆီးထား

MV Seaman Guard Ohioသည် အမေရိကန် လုံခြုံရေး ကုမ္ပဏီ တစ်ခုက ပိုင်ဆိုင်ပြီး
ဆီရာရာလီယွန်နီတွင် မှတ်ပုံတင်ထားသည်။

လက်နက်များ တင်ဆောင်လာသည့် အမေရိကန်သင်္ဘောကို အိန္ဒိယ ဖမ်းဆီးထားအိန္ဒိယ ရဲတပ်ဖွဲ့သည် အမေရိကန်ပိုင် သင်္ဘောတစ်စင်းကို တရားမဝင် ပိုင်နက်ကျူးကျော်မှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားကြောင်း အတည်ပြု ကြေညာခဲ့သည်။ အဆိုပါ MV Seaman Guard Ohioသည် အောက်တိုဘာလ (၁၂)ရက်နေ့ ကတည်းက အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံထားရသော်လည်း ယခုအခါမှ ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။ အဆိုပါ သင်္ဘောပေါ်တွင် လက်နက် အမြောက်အမြား တင်ဆောင်လာကြောင်းလည်း အိန္ဒိယ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ MV Seaman Guard Ohioသည် အမေရိကန် လုံခြုံရေး ကုမ္ပဏီ တစ်ခုက ပိုင်ဆိုင်ပြီး ဆီရာရာလီယွန်နီတွင် မှတ်ပုံတင်ထားသည်။

သင်္ဘောသား (၃၅)ဦးတွင် အိန္ဒိယ၊ ဗြိတိန်၊ ယူကရိန်းနှင့် အက်စ်တိုးနီးယား နိုင်ငံသားများ ပါဝင်ကြောင်းလည်း အိန္ဒိယ ရဲတပ်ဖွဲ့က ဆိုသည်။ လတ်တလောတွင် အိန္ဒိယတောင်ပိုင်း တမီလ်နာဒူ ပြည်နယ်ရှိ ဆိပ်ကမ်းတစ်ခုတွင် ကမ်းကပ်ထားသည့် သင်္ဘောမှာ ပင်လယ်ဓားပြမှု တိုက်ဖျက်ရေး ကဏ္ဍတွင် ပါဝင် ကူညီ လုပ်ဆောင်နေခြင်းဟု ယင်းကိုပိုင်ဆိုင်သည့် Advanfort ကုမ္ပဏီက ရှင်းလင်းခဲ့သည်။ ဒေလီမြို့တော်ရှိ အမေရိကန် သံရုံးက လက်ရှိအခြေအနေတွင် မည်သည့်မှတ်ချက်မျှ မပေးလိုသေးကြောင်း BBCသို့ ပြောကြားခဲ့သည်။

လုံခြုံရေး ကုမ္ပဏီ Advanfortကမူ သင်္ဘောသည် အိန္ဒိယတွင် ကမ်းကပ်ခွင့် တောင်းခံ အတည်ပြုပြီးနောက် ဆီဖြည့်ရန်နှင့် ဆိုင်ကလုန်းမုန်တိုင်း ဖိုင်လင်၏ သက်ရောက်မှုမှ ရှောင်ရှားရန် ဆိပ်ကမ်း အာဏာပိုင်များ၏ ခွင့်ပြုချက် ရရှိထားပြီးဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။ တူတီကော်ရင်ရှိ ရဲအရာရှိ တစ်ဦးက သင်္ဘောသားများကို မိုတီအာပူယမ်း ရဲဌာနတွင် ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေကြောင်း ပြောဆိုထားသည်။

အိန္ဒိယသည် ရေကြောင်းသွားလာမှု ကဏ္ဍတွင် အနောက်နိုင်ငံ များနှင့် ပြဿနာများ ဖြစ်ပေါ်ခဲ့ဖူးပြီး ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလကလည်း အိန္ဒိယ တံငါသည် နှစ်ဦးကို သတ်ဖြတ်ကြောင်း စွပ်စွဲချက်ဖြင့် အီတလီ မရိန်းစစ်သား နှစ်ဦးကို ဖမ်းဆီးခဲ့ရာ နှစ်နိုင်ငံ ပြဿနာ တက်ခဲ့ဖူးသည်။ အဆိုပါ စစ်သားများသည် အီတလီ ဆီတင်သင်္ဘော တစ်စင်းကို လိုက်ပါ စောင့်ရှောက်ပေးနေခြင်းဖြစ်ပြီး မိမိတို့သည် တံငါသည်များကို ပင်လယ်ဓားပြများဟု ယူဆပြီး ပစ်ခတ်ခဲ့ခြင်းဟု ဖြေရှင်းခဲ့သည်။ အိန္ဒိယ သမုဒ္ဒရာနှင့် အာရေဗျ ပင်လယ်တို့တွင် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ပင်လယ်ဓားပြတိုက်မှုများ ထူပြောလာသလို ဆိုမာလီယာ ပင်လယ်ဓားပြများက ကုန်တင်သင်္ဘောများကို ပြန်ပေးဆွဲလေ့ ရှိခြင်းကြောင့် သင်္ဘောများပေါ်တွင် လက်နက်ကိုင် အစောင့်များ ငှားရမ်းလေ့ ရှိလာကြောင်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment