18.10.13

Women's World Journal ပါဆောင်းပါးလေးပါ။

ဒီနေ့ စာပေဟောပြောပွဲတွေ တော်တော်လေး နားထောင်ဖြစ်လိုက်ပါတယ် ။
ဒီထဲက မှ ဆရာမောင်သာချို ဟောသွားတဲ့ အချက်လေးတစ်ခုကို သေချာသတိထားလိုက်မိဧ။် ။ လူတွေဟာအမှား မကင်းတတ်ကြပါဘူး ။ နားလည်ပေးတတ်ဖို့လည်း လိုအပ်ပါတယ်တဲ့ ။ တစ်ခုတော့ ရှိတယ် ။ နားလည်ပေးလို့ရတဲ့ အမှားမျိုးနဲ့ နားလည်ပေးလို့မရတဲ့ အမှားဆိုတာမျိုးတော့ ရှိတယ် ။ နားလည်ပေးလို့မရတဲ့ အမှားမျိုးတွေကတော့ ကိုယ်ကျင့်တရားနဲ့ ပတ်သတ်တဲ့ အမှားမျိုးတွေကို ဘယ်သူကမှ နားလည်ပေးကြမှာ မဟုတ်ပါဘူး ။ ဒါနဲ့ ပတ်သတ် ဆက်စပ်ပတ်သတ်ပြီး တွေးလိုက်မိတာက ယနေ့ ခေတ်စားလာတဲ့ အင်တာနက်ပေါ်က ပတ်သတ်ဆက်နွယ်မှုတွေပါပဲ ။

အက်ကြောင်းထပ် အဖန်တရာသေနေတဲ့ အကြောင်းတွေကို ထပ်ထပ်ပြောနေမိတယ်လို့ ထင်ကောင်း ထင်ကြပါလိမ့်မယ် ။ ယနေ့ခေတ် လူတိုင်းတွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့ အင်တာနက်ဆိုတာကြီးဟာ အကောင်း အဆိုး နှစ်ခုလုံးကို ပူးတွဲပေးစေပါတယ် ။ ကောင်းတာကို ယူတတ်သူတွေ ရှိသလို ၊ တလွဲဆံပင်ကောင်းနေသူတွေလည်း ဒုနဲ့ဒေးပါပဲ ။ ခုဆိုရင် တယ်လီဖုန်းတွေကနေ အင်တာနက် ချက်တင်တွေ facebook ချက်တင်တွေ တော်တော်လေး ခေတ်စားလာတဲ့ ကာလမှာ ပေါင်းသင်းဆက်ဆံရေးမှာ အလွန်တရာ ညံ့ဖျင်းလာမှုတွေကိုလည်း တွေ့မြင်နေရပါတယ် ။ နမူနာပေါ့ရှင် ။ ဒီအင်တာနက်ဆိုတာကြောင့် မိတ်ဆွေအပေါင်းသင်းတွေ တိုးပွားစေတယ်ဆိုတာလည်း မှန်ကန်သလို ၊ ဒီအင်တာနက်ဆိုတာကြောင့် ပေါင်းသင်းဆက်ဆံရေးမှာ အလွန်အားနည်းသွားတဲ့ အချက်တွေလည်းရှိနေပါပြီ ။ လူတွေဟာ ဖုန်းတွေထဲမှာ အင်တာနက်ကို တစ်ချိန်လုံး ဖွင့်ထားတတ်တာတွေကြောင့် အပြင်သွားရင်း လမ်းသွားရင်းတောင် မျက်လုံးက ဖုန်းက မခွာသူတွေ အများပြားကို တွေ့မြင်နေရပါတယ် ။
မိတ်ဆွေ အပေါင်းသင်းတွေနဲ့ဖြစ်စေ ၊ အကြောင်းတစ်စုံတစ်ရာကြောင့်ဖြစ်စေ အပြင်မှာ လူချင်းတွေ့ဆုံကြချိန်တွေမှာ စကားပြောဖို့တောင် အချိန်မပေးနိုင်အောင် ဖုန်းတစ်လုံးနဲ့ အလွန်ကျူးအင်တာနက် သုံးတတ်သူတွေ တော်တော်လေးများလာပါတယ် ။ ဒီလိုအခါမျိုးတွေမှာ တစ်ဘက်လူရဲ့ စိတ်ထဲမှာ နောက်တစ်ကြိမ် ဒီလူနဲ့ဆုံဖို့ကို တော်တော်လေး စဉ်းစားသွားပါပြီ ။

* ဘာလဲဟ ။ ငါနဲ့ တခါတလေ တွေ့တာကိုတောင် ဒီဖုန်းနဲ့ အက်တာနက်ကိုဘဲ သည်းကြီးမဲကြီး သုံးနေတယ် ။ ငါပြောတာကိုလည်း စိတ်မ၀င်စားပါဘူး*

ဆိုတဲ့ အတွေး လူတိုင်းဖြစ်သွားတတ်ပါတယ် ။ ဒီလိုပြောတယ်ဆိုတာ ကျွန်မ ကိုယ်တွေ့မို့ပါ။ ကျွန်မ အမျိုးသားက အမြဲပြောပါတယ် ။ ဖုန်းထဲမှာ သုံးတာကို အပြစ်မပြောဘူးတဲ့ ။ အေး သူနေရာနဲ့ သူသုံးရမယ် ။ မိတ်ဆွေ အပေါင်းသင်းတွေနဲ့ တွေ့ဆုံချိန်လေးမှာတောင် ဒီဖုန်းကိုဘဲ မင်းကလိနေမယ်ဆို တစ်ဘက်လူစိတ်ထဲ ဘယ်လိုနေမလဲတဲ့ ။ အရေးတစ်ကြီး စာပြန်ရိုက်နေရအောင်လည်း သေရေး ရှင်ရေး ဘာမှမရှိပါပဲ လိုတာထက်ပိုလာရင် လူမြင်လို့ မသင့်တော်ဘူးလို့ သေချာပြောပြ သတိပေးခဲ့ဘူးပါတယ် ။ ဒီချိန်ကစပြီး အပြင်သွားရင် ကားစီးရင်း ကလွဲရင် ကျွန်မအင်တာနက် သုံးခြင်းကို ဆင်ခြင်ခဲ့ပါတယ် ။ ကားအချိန်ကြာကြီး စီးရတဲ့ အခါမျိုးတွင်သာ အပျင်းပြေ သုံးပါတော့တယ် ။ သတိထားမိတာလေး တစ်ခုရှိသေးတယ် ။ အမျိုးသမီးတွေနဲ့ အမျိုးသားတွေ ယှဉ်ရင် အမျိုးသမီးတွေက ပိုပြီး အချိန်ပေးနေတတ်ကြပါတယ် ။ အမျိုးသားတွေက သူငယ်ချင်း အပေါင်းသင်းတွေနဲ့ တွေ့ပြီဆို facebook gtalk တစ်ခုမှ သူတို့ သတိမရတော့ပါဘူး ။ မိန်းကလေးတွေထက် စိတ်ကိုဖြတ်နိုင်တယ်လို့ ထင်မိပါတယ် ။ မိမိအိမ်မှာ ဘယ်လို သုံးသုံး ကိစ္စမရှိပေမယ့် မိတ်ဆွေတွေ တွေ့ဆုံတဲ့ အချိန်မျိုးတွေမှာ တောင်မအားမလပ်သုံးနေတာတွေဟာ သူများကဲ့ရဲ့စရာဖြစ်နေခဲ့မယ်လို့ တွေးမိလိုက်ချိန်မှာတော့ကျွန်မဆင်ခြင်လိုက်မိပါတော့တယ် ။

နောက်တစ်ခုကတော့ ဖောက်ပြန်ခြင်းကိစ္စပါပဲ ။ ဖောက်ပြန်တယ်ဆိုတာကို ဘယ်လိုမှ ဖောက်ပြန်တယ်လို့ သတ်မှတ်နေကြပါသလဲ လို့ ကျွန်မ မေးချင်မိပါတယ် ။ အွန်လိုင်းပေါ်မှာ လူချင်းတွေ့တာမှ မဟုတ်တာ ၊ ထိရ ကိုင်ရတာမှ မဟုတ်တာ ဆိုတဲ့ ပေါ့တန်တန် အတွေးတွေကို လူတော်တော်များများ တွေးလာကြတယ် သိပ်ကို ၀မ်းနည်းစရာကောင်းပါတယ် ။ မိမိခင်ပွန်း ၊ မိမိဇနီးသည်မှ တပါး တခြားသော အမျိုးသား ၊ အမျိုးသမီးတို့နှင့် လိုအပ်တာထက် ပိုတဲ့ ဆက်ဆံရေး ၊ ပြောဆိုခြင်း ၊ ချက်တင်ထဲက စကားလုံးတွေဟာလည်း ဖောက်ပြန်ခြင်းကို မည်စေပါတယ် ။ မိတ်ဆွေ သူငယ်ချင်းကို မိတ်တွေ သူငယ်ချင်းလိုတာ ပြောဆို ဆက်ဆံရမှာပါ ။ မိမိ ယောင်္ကျား မိမိ မိန်းမ တစ်ဦးတစ်ယောက်နှင့်သာ ဆက်ဆံပြောဆို အပ်သည်တို့ကို တပါးသော သူတို့နှင့် ပြောဆို ဆက်ဆံ မိပါလျှင် ထိုသို့ သဘောရှိသော ယောင်္ကျား မိန်းမ သည် အဘယ်မှာ သန့်ရှင်းမြင့်မြတ်သော စိတ်နေစိတ်ထား ကိုယ်ကျင့်တရားနှင့်တကွ သန့်ရှင်းစင်ကြယ်သောရုပ် ရှိနိုင်အံ့နည်း။ ထိုသို့သော သူများသည် ဥစ္စာ ပစ္စည်း၊ ကျန်းမာရေး၊ ဂုဏ်သီတင်း စသည်တို့မှ ပျက်စီးဆုတ်ယုတ်စေတတ်ဆိုတဲ့ အချက်တွေကို မမေ့မလျော့ ဆင်ခြင်သင့်ပါပေဧ။် ။


(ဓမ္မအေးရိပ်)
လင် သည်လည်း လင် ကျင့်ဝတ်ကို မချွတ်မယွင်း စောင့်ရှောက်၍လည်းကောင်း၊ မယားသည်လည်း မယားကျင့်ဝတ်ကို မချွတ်မယွင်း စောင့်ရှောက်၍လည်းကောင်း၊ လူ့ကျင့်ဝတ်နှင့်အညီ ပေါင်းသင်းနေထိုင်ခြင်းဖြင့် ကာမချမ်းသာကို ခံစားကြရသည်။ ယင်းသို့ ပညတ် သဘောအရတရားသဖြင့် ဇနီးမောင်နှံတို့ ပေါင်းသင်းခြင်းဖြင့်
၁။ လူတို့၏ ကျင့်ဝတ်တရားများနှင့် ပြည့်စုံခြင်းအကျိုး၊
၂။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရခြင်းအကျိုး၊
၃။ ပစ္စည်းဥစ္စာတို့သည် တရားမဲ့ ကုန်ခန်းပျက်စီးမှုမရှိ၍ အဖတ်တင်ခြင်းအကျိုး၊
၎။ မကောင်းမ၍ ဒုစရိုက်တို့မှ လွတ်ကင်း၍ ယခုဘ၀၌လည်း မင်းပြစ်စိုးဒဏ် စသည်တို့မှ လွတ်ကင်းခြင်းအကျိုး၊
၅။ နောက်ဘ၀၌လည်း ငရဲသို့ မကျရောက်ရခြင်းအကျိုး၊
၆။ သားသမီးကောင်း ရရှိခြင်းအကျိုး၊
၇။ ရရှိပြီး သားသမီးတို့သည် ကိုယ်ကျင့်တရားနှင့်ပြည့်စုံခြင်းအကျိုး၊ စသည်ဖြင့် များလှစွာသော ကောင်းကျိုးကျေးဇူးတို့ကို ရရှိနိုင်သည်။
လင်နှင့်မယားတို့ ဖောက်ပြန်က အပြစ်ရ၍ ထိန်းသိမ်းက ကောင်းသောအကျိုးရရှိပုံများကို ပရာဘ၀သုတ်မှ တင်ပြပါသည်။
(ဓမ္မအေးရိပ်)

ယောကျာင်္း ၊ မိန်းမ လူတိုင်းလိုလိုတစ်နေ့မှာ မိဘနေရာကို ရောက်နေကြသလို ရောက်လာကြမယ့်သူတွေ ချည်းပါပဲ ။ တာဝန်ယူသော စိတ်၊ ရိုးသားသော စိတ်တို့ကို အရင်းခံ၍ သားသမီး အပြစ်မရောက်အောင် မေတ္တာပြ ဆုံးမတတ်သည့် မိဘကောင်းများ ဖြစ်ကြဖို့ အတွက် ဘာမဟုတ်တဲ့ ချက်တင်ထဲက စကားလုံးတွေ ၊ စကားသံတွေကို သာယာမနေကြပါနဲ့ ။ ဖောက်ပြန်ခြင်းမည်တဲ့ လမ်းတွေကို မလျှောက်မိကြပါစေနဲ့ ။ ကျွန်မတို့တွေဘ၀မှာ မတော်တဆမှုတွေ အများကြီးကြုံရ၊ဆုံရခဲ့ဖူးမှာပါ ။ အလေးနက်ထားရမယ့် အရာကို တန်ဖိုးထား သိမ်းဆည်းထားသင့်ပေမယ့် မိမိကို ပြန်လည်ဒုက္ခပေးစေမယ့် အရာတွေကိုတော့ မိမိတို့ ခေါင်းထဲကနေ အမြန်ဆုံးထုတ်ပစ်သင့်ပါတယ် ။အမှားနဲ့ အမှန်ကို ဝေဖန်ပိုင်းခြားတတ်ကြဖို့ သတိလေးပေးချင်ပါတယ် ။ ဘာမဟုတ်တဲ့ အရေးမပါတဲ့ ခံစားချက်တွေကို ဇာမချဲ့ဘဲ အမှန်တရားတွေကို မြင်နိုင်ကြပါစေ ။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက လူ့ဘ၀ရခဲခြင်းကို ဒုလ္လဘတရားငါးပါး ဖြင့် ဆုံးမတော်မူခဲ့ပါတယ် ။
(၁) ဘုရားနှင့်မီဖို့၊ ဘုရားရှင်၏သာသနာတော်အတွင်း ကျရောက်ဖို့ ခဲယဉ်းခြင်း၊
(၂) သူတော်ကောင်းတရားကိုကြားနာဖို့၊ ထောင်နိုင်သော နားရှိဖို့ လွန်စွာခဲယဉ်းခြင်း၊
(၃) လူသားအဖြစ်ရဖို့ ခဲယဉ်းခြင်း၊
(၄) ယုံကြည်ထိုက်သော တရားများကို ယုံဖို့ခဲယဉ်းခြင်း၊ မယုံကြည်ထိုက်သော အမွေတွေကို ယုံဖို့ လွယ်ကူခြင်း၊
(၅) ရဟန်းအကျင့်ကိုကျင့်ဖို့ ခဲယဉ်းခြင်း။
စာဖတ်သူအားလုံးသည် ရခဲလှသည့် လူ့ဘ၀မှာ အခွင့်အရေးများ အပြည့်အ၀ ပိုင်ဆိုင် ထားကြသည်။ လူ့ဘ၀တန်ဖိုးကိုသိကာ လူပီတအောင် နေဖို့အထူးလိုအပ်ပါတယ် ။ဖောက်ပြန်ခြင်းတွေ ကင်းဝေးပြီး အင်တာနက်ဆိုတာကို အကျိုးရှိရှိ အသုံးချတတ်သူတွေ ဖြစ်ကြပါစေ ။ နားလည်ပေးလို့မရတဲ့ အမှားတွေနဲ့ ကင်းဝေးကြပါစေလို့ ဆုတောင်းရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ရပါဧ။် ။


မိတ်ဆွေတုများ မိမိဘေးတွင် ရှိနေခြင်းသည် အန္တရာယ် ဖြစ်စေနိုင်သလို
မိတ်ဆွေစစ်များ မိမိဘေးတွင် ရှိနေလျှင် ဘေးကင်းလုံခြုံသည်။
မှားနေသူတွေကို အမှားထဲက နိုးထအောင် နှိုးပေးနိုင်သူ မိတ်ဆွေကောင်းတွေ
များများပေါ်ပေါက်ပါစေ ။ ဒီဆောင်းပါးလေးကို ဖတ်ပြီးမိမိတို့နဲ့ သက်ဆိုင်သည်ဟု
ယူဆသူများ အမှားတွေထဲက နိုးထကြပါစေ ။ မသက်ဆိုင်သူများ ပတ်ဝန်းကျင်ရှိ
မှားနေသူတွေကို နှိုးပေးနိုင်ကြပါစေရှင် ။

ခိုင်လေး ( ရွှေတောင် )

0 comments:

Post a Comment