14.11.13

ပြည်ရွှေဆံတော်ဘုရားပွဲ လုံခြုံရေး တိုးမြှင့်ချထား

ပဲခူးတိုင်း၊ ပြည်ခရိုင် ပြည်မြို့ရှိ လေးဆူဓာတ်တော် ရွှေဆံတော် ဘုရားပွဲတော်တွင် ယခင်နှစ်များထက် လုံခြုံရေးတိုးမြှင့်ချထားပြီး ပေါက်ကွဲစေတတ်သည့် ပစ္စည်းများအတွက်လည်း ခေတ်မီအထောက်အကြူ
ပုပစ္စည်းများ၊ ပညာရှင်များဖြင့် လုံခြုံရေး ဆောင်ရွက်ထားကြောင်း ပွဲတော်လုံခြုံရေး ဗဟိုကွပ်ကဲရေးရုံးမှ သိရသည်။
ဘုရားပွဲတော်တွင် ပြီးခဲ့သည့်နှစ်က လုံခြုံရေးအင်အား ၁၀၀ ခန့် ချထားသော်လည်း ယခုနှစ်တွင် ၁၈၀ ခန့်အထိ ချထားသည်ဟုလည်း ဗဟိုကွပ်ကဲရေးရုံးမှ သိရသည်။

ဗဟိုကွပ်ကဲရေးရုံး ရဲကင်းမှူးက“မနှစ်ကထက်ပိုများတယ်။ မနှစ်က တစ်ရာလောက်ဘဲရှိမယ်။ ဒီနှစ် တိုးချထားတယ်။ ပွဲခင်းတစ်ခုလုံး ၀င်လမ်းထွက်လမ်းကအစ လုံခြုံရေး တင်းကြပ်ထားတယ်”ဟု ပြောသည်။

ပွဲတော်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့၊ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့စသည့် အင်အား ၁၈၀ ကျော်တို့ဖြင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပွဲဈေးတန်းဆိုင်ခန်းများကို နေ့စဉ် ဧည့်စာရင်းစစ်ဆေးသည်ဟုလည်း ဗဟိုကွပ်ကဲရေးရုံး ရဲကင်းမှူးက ဆိုသည်။

ထိုကဲ့သို့ လုံခြုံရေးလုပ်ငန်းများ ကြပ်မတ် ဆောင်ရွက်ခြင်းကြောင့် ယခုနှစ် ဘုရားပွဲတွင် နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ မူးယစ်ရမ်းကားမှု တစ်ခုသာ ရှိသေးကြောင်းလည်း ပွဲတော်လုံခြုံရေး ဗဟိုကွပ်ကဲ ရေးရုံးမှ သိရသည်။

ဗဟိုရဲကင်းမှူးက “မူးယစ်ရမ်းကားတာဘဲ ရှိသေးတယ်။ ပတ်ဝန်းကျင် အရမ်းထိခိုက်ရင် အမှုတန်း ဖွင့်တယ်။ တချို့ ကလေးအချင်းချင်း စကားများတာလောက်က ခေါ်ဆုံးမပြီး မိဘဆီပြန်အပ်တယ်”ဟု ဆို သည်။

ဘုရားပွဲတော်တွင် ပွဲတော်လုံခြုံရေးကို ထိခိုက်စေနိုင်သည့် မသင်္ကာဖွယ်ရာတွေ့ရှိပါက ပွဲတော်လုံခြုံရေး ဗဟိုကွပ်ကဲရေးရုံး (ဖုန်း ၀၅၃ ၂၆၄၄၄) သို့ ဆက်သွယ် သတင်းပေးပို့နိုင်မည် ဖြစ်သည်။ ပြည်မြို့ ရွှေဆံတော်ဘုရားပွဲတော်ကို နိုဝင်ဘာလ ၁၀ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။

ယင်းအပြင် ရွှေဆံတော်စေတီတော်တွင် ကျပ်သိန်း ၂၀၀ ကျော် အကုန်အကျခံကာ CCTV ကင်မရာများကို စက်တင်ဘာလအတွင်းက တပ်ဆင်ထားကြောင်း ရွှေဆံတော်ဂေါပကအဖွဲ့မှ ဦးထိန်လင်းက မဇ္ဈိမကို ပြောသည်။

Mizzima - News in Burmese

0 comments:

Post a Comment