14.11.13

လမ်းပြမြေပုံစနစ်မှားယွင်းမှုကြောင့် အင်္ဂလန်ယူ-၂၁ အသင်းခေါင်းဆောင်၏ ပေါင်တစ်သိန်းတန် Porsche ကားနွံနစ်

ချန်ပီယံရှစ်ကလပ်ဒါဘီကောင်တီအသင်းတွင်ကစားနေ
သည့် အင်္ဂလန်ယူ-၂၁အသင်းခေါင်းဆောင် နောက်
တန်းကစားသမား အန်ဒရီဝစ္စဒမ်သည် အသင်းေ
လ့ကျင့်ရေးအစီအစဉ်သို့ ပေါင်တစ်သိန်းတန် Porsche Panamera ကားဖြင့် လာရောက်စဉ် လမ်းပြမြေပုံ စနစ်မှားယွင်းမှုကြောင့် တောအုပ်တစ်ခုထဲရှိ နွံအိုင်
အတွင်းနစ်မြုပ် သွားခဲ့ကြောင်း အင်္ဂလန်မီဒီယာ
များက နိုဝင်ဘာ၁၀ရက်တွင် ရေးသားဖော်ပြခဲ့သည်။
အသက်၂၀အရွယ်ရှိ ၀စ္စဒမ်သည်ပြီးခဲ့သည့် အောက်တိုဘာ၂၂ရက်တွင် လီဗာပူးလ်အသင်းမှ ဒါဘီကောင်တီအသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့်ပြောင်းရွှေ့လာသူဖြစ်ပြီး ဒါဘီအသင်း အခြေစိုက်ရာ ဒါဘီရှိုင်းယားဒေသ၏ လမ်းအခြေအနေကို ရင်းနှီးကျွမ်းဝင်မှုမရှိပေ။

ဝစ္စဒမ်သည် နိုဝင်ဘာ၁၀ရက်တွင် ရှက်ဖီးလ်ဝင်းစ်ဒေးအသင်းနှင့် ကစားမည့်ပွဲစဉ်မတိုင်မီတစ်ရက်အလို၌ ပြုလုပ်သည့် လေ့ကျင့်ရေး အစီအစဉ်သို့ကားမောင်းထွက်ခွာလာစဉ် ဒါဘီရှိုင်းယားတောအုပ်အတွင်းသို့ လမ်းမှား ရောက်ရှိသွားကာ အကျယ်၁၅ ပေ၊ အရှည် ပေသုံးဆယ်၊အနက်နှစ်ပေခန့်ရှိသည့် နွံအိုင်အတွင်းနစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ ဒါဘီမြို့ရှိဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်နေသောဝစ္စဒမ်၏ Porsche ကား၌တပ်ဆင်ထားသော လမ်းပြမြေပုံစနစ်မှာ လမ်းမကြီးကိုညွှန်ပြ ရမည့်အစား အနီးစပ်ဆုံးလမ်းမကြီးတစ်ခုနှင့် သုံးမိုင်ဝန်းကျင်အကွာရှိ တောအုပ်လမ်းမကိုသာ ညွှန်ပြမိသောကြောင့်နွံနစ်မှုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ နွံနစ်မှုကြောင့် ၀စ္စဒမ်မှာကားကိုပစ်ထားခဲ့ပြီး လမ်းမကြီးအရောက် ပြန်လျှောက်ကာ အခြားကားတစ်စီး၏အကူအညီဖြင့် လေ့ကျင့်ရေးကွင်းသို့ ဆက်လက်ထွက်ခွာခဲ့ရသည်။

နွံထဲနစ်နေသည့်ဝစ္စဒမ်၏ ကားကိုစတင် တွေ့ရှိခဲ့သူမှာ တောင်တက် စက်ဘီးစီးသမားတစ်ဦးဖြစ်သူ ပီတာအိုင်းယွန်းစ်ဖြစ်ပြီး ညနေရောက် သည်အထိ ကားမှာနွံထဲ၌ ဆက်လက်ရှိနေသောကြောင့် အခြားကား တစ်စီးနှင့်ဆွဲတင်ခဲ့ရခြင်း ဖြစ်သည်။

၄၁နှစ်အရွယ်ရှိမစ္စတာအိုင်းယွန်းစ်က “ကျွန်တော်တကယ်မထင်ထားဘူး၊ ကားထဲမှာကံမကောင်းတဲ့သူတစ်ယောက်ရှိနေလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ ညနေစောင်းရောက်တဲ့အထိကားက နွံထဲမှာပဲဆက်ရှိနေတာကြောင့် အနီးကပ်သွားကြည့်တော့ ဘယ်သူမှမရှိဘူး၊ အဲဒါနဲ့သူငယ်ချင်းတွေခေါ်ပြီး Cherokee ဂျစ်ကားနဲ့ကားကိုကုန်းပေါ်ဆွဲတင်ခဲ့ရတာ” ဟုဆိုခဲ့သည်။ ဒါဘီအသင်းနှင့် နီးစပ်သူတစ်ဦးကလည်း ၀စ္စဒမ်မှာဒါဘီမြို့ ပတ်ဝန်းကျင်အနေအထားနှင့် လမ်းမများအကြောင်း လုံးဝမသိဘဲ အစိမ်းသက်သက် ဖြစ်နေသေးသည်ဟု ပြောကြားခဲ့သည်။

Automobile Journal

0 comments:

Post a Comment