14.11.13

ယခုနှစ် ဆောင်းရာသီတွင် အအေးပေါ့ပြီး မြူနှင်းများ ထူထပ်စွာ ကျဆင်းနိုင်သောကြောင့် ပိုးမွှားပေါက်ဖွားမှုနှုန်း မြင့်တက်နိုင်၍ သီးနှံစိုက် တောင်သူများ ကြိုတင်ကာကွယ်ရန် လိုအပ်

ယခုနှစ် ဆောင်းရာသီတွင်အအေးပေါ့ပြီး မြူနှင်းများ ထူထပ်စွာ ကျဆင်းနိုင်သောကြောင့် ပိုးမွှားများ
 ပေါက်ဖွားမှုနှုန်းမြင့် တက်နိုင်၍သီးနှံစိုက်တောင်သူ
များ အနေဖြင့် ကြိုတင်ကာကွယ်ရန်လိုအပ်ကြောင်း
 The Daily Eleven ၏ မေးမြန်းချက်ကို မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ၁၁ ကြိမ်မြောက် မုတ်သုံဖိုရမ် အခမ်းအနားတွင် ပြောကြားသည်။
၂၀၁၃-၂၀၁၄ ခုနှစ် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ မိုးလေ၀သ ခန့်မှန်းချက်သည် ယခုနှစ် ဆောင်းရာသီတွင် အအေးပေါ့ကာ နိုဝင်ဘာလအထိ မိုးနှင့်မုန်တိုင်း မကင်းသောရာသီဖြစ်ပြီး ဒီဇင်ဘာလအထိ မိုးဆက်လက် ရွာသွန်းနိုင်ကြောင်း သိရသည်။

"အောက်တိုဘာလမှာ မိုးကြီးပြီး ရေနစ်မြုပ်တဲ့ ဒဏ်ခံရတာ အခု ၂၀၁၃ ခုနှစ်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ ဒီတစ်ကြိမ်ပဲ တွေ့သေးတယ်။ ဒီလိုမျိုးနှစ်ကိုလည်း နောင်လာမည့် နှစ်တွေမှာလည်း ကြုံနိုင်တယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးလေ၀သတွေလည်း ပြောင်းသွားတယ်။ ပြောင်းလဲသွားတဲ့ လက္ခဏာတွေကြောင့် မိုးမရွာဘူးလို့ထင်ရင် မိုးရွာတယ်။ ကိုယ်ကရွာပါမယ်လို့ လယ်ထွန်ထားရင် မိုးမရွာဘူး။ ချထားတဲ့ မျိုးစေ့ အပေါက်တော့ နောက်တစ်ခါ မျိုးစေ့ထပ်ချတော့ အရင်းနှစ်ခါ ကုန်တယ်။ အဲဒီဟာတွေ လျော့ပါးသွားအောင် ဆောင်ရွက်ဖို့ဆိုရင် သက်ဆိုင်ရာ မိုးလေ၀သနှင့် ဇလဗေဒရုံးရဲ့ သတင်း ထုတ်ပြန်မှုတွေကို သတိပြုဖို့ လိုပါတယ်"ဟု ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ယခုနှစ် ဆောင်းရာသီတွင် တောင်တန်းဒေသများဖြစ်သော ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးများတွင် မြူနှင်းများ ထူထပ်စွာ ကျရောက်နိုင်၍ လေယာဉ်များ အန္တရာယ်ရှိနိုင်သလို သီးနှံစိုက်ပျိုးသော တောင်သူများ စိုက်ပျိုးထားသော သီးနှံများအား ပိုးမွှားများ ကြိုတင်ကာကွယ်ရန် လိုအပ်ကြောင်း သိရသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချစ်ကျော်က "ဒီနှစ်ဆောင်းဟာ အလွန်မအေးသော ဆောင်း၊ ဒီနှစ် ကမ္ဘာ့ရာသီက အယ်နီညိုလည်းမဟုတ် လာနီညာလည်းမဟုတ် ပုံမှန်ဖြစ်တယ်။ နိုဝင်ဘာလ အတွက်ဆိုရင် မိုးမကင်းဘူး။ မုန်တိုင်း မကင်းဘူး။ ဒီနှစ်ဆောင်းက မချမ်းဘူး။ နှင်းတွေကျမယ်။ မြူတွေ ဆိုင်းတာကတော့ အန္တရာယ် ဖြစ်နိုင်တယ်။ မြူကျတာကတော့ စိုက်ပျိုးရေးအတွက် မကောင်းဘူး။ မြူကျတဲ့အတွက် ပိုးမွှားပေါက်ဖွားမှုနှုန်း မြင့်တက်လာနိုင်တဲ့အတွက် တောင်သူတွေအနေနဲ့ ကိုယ့်စိုက်ခင်းကို ကြိုတင် ကာကွယ်သင့်တယ်" ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လေဖိအားနည်း ရပ်ဝန်းများ ရှိသည့်အတွက် ရခိုင်၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ တနင်္သာရီ၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဒီဇင်ဘာလအထိ မိုးရွာသွန်းနိုင်ပြီး ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလတို့တွင် အအေးဓာတ် ပိုနိုင်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment