7.12.13

ဝက်စ်ဟမ်းကို အနိုင်ယူပြီး အမှတ်ပေးဇယား ဒုတိယနေရာ တက်လှမ်းနိုင်ခဲ့သည့် လီဗာပူးလ်

အန်ဖီးလ်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် လီဗာပူးလ်နှင့် ဝက်စ်ဟမ်းယူနိုက်တက် ပွဲစဉ်တွင် အိမ်ရှင်အသင်းက ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

လီဗာပူးလ်တွင် မစ်ဂ်နိုလတ်၊ ဖလာနာဂန်၊ ဆာခို၊ စကာတယ်လ်၊ ဂျွန်ဆန်၊ အလန်၊ ဂျရတ်၊ ဟန်ဒါဆန်၊ စတာလင်၊ ကော်တင်ဟို၊ ဆွာရက်ဇ်တို့ ပွဲထွက် ပါဝင်ခဲ့သည်။

ဝက်စ်ဟမ်းတွင် ဂျက်စကယ်လိုင်နန်၊ ဒီမယ်လ်၊ မက်ကာနေ၊ ကောလင်းစ်၊ တွမ်ကင်စ်၊ နိုဘယ်လ်၊ ဒိုင်ယာမီ၊ နိုလန်၊ ဒေါင်းနင်း၊ ဂျာဗစ်၊ မိုင်ဂါ တို့ပါဝင်ကစားခဲ့သည်။



ပထမပိုင်းတွင် လီဗာပူးလ်က ဝက်စ်ဟမ်းအသင်းဘက်သို့ ပိုမိုတိုက်စစ်ဆင် ကစားနိုင်ခဲ့သည်။ ၆ မိနစ်တွင် ဆွာရက်ဇ် အကောင်းဆုံး အခွင့်အရေး ရသော်လည်း တိုက်ရိုက်မကန်ဘဲ ကစားဖော်များကို ပေးခဲ့သဖြင့် ဂိုးရရှိခွင့် ဆုံးရှုံးခဲ့ရသည်။ ၁၀ မိနစ်တွင် ကော်တင်ဟို ပေးပို့သည့် ဘောလုံးကို ဆွာရက်ဇ် ကန်သွင်းရာ ဂျက်စကယ်လိုင်နန် ကာကွယ်သွားနိုင်ခဲ့သည်။ ၂၂ မိနစ်တွင် ဂျာဗစ် တင်ပေးလိုက်သည့် ဘောလုံးကို မိုင်ဂါ ခေါင်းတိုက်သွင်းရာ မစ်ဂ်နိုလတ် အကောင်းဆုံး ပုတ်ထုတ် ကာကွယ်နိုင်ခဲ့သည်။ ၄၂ မိနစ်တွင် လီဗာပူးလ်က ဦးဆောင်ဂိုး ရရှိသွားသည်။ ဆွာရက်ဇ်၏ ကန်သွင်းမှုကို ဂျက်စကယ်လိုင်နန် ပုတ်ထုတ် ကာကွယ်နိုင်ခဲ့သော်လည်း နောက်ခံလူ ဒီမယ်လ်နှင့် ထိကာ ဂိုးထဲ ဝင်သွားခဲ့သည်။

ဒုတိယပိုင်း ၄၈ မိနစ်တွင် လီဗာပူးလ်က ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့သည်။ ဂျရတ်၏ ထောင့်ကန်ဘောကို ဆာခို ခေါင်းတိုက်သွင်းရာ ကောလင်းစ်နှင့် ထိ၍ ဂိုးထဲ ဝင်သွားခဲ့သည်။ ၆၆ မိနစ်တွင် ဝက်စ်ဟမ်းက ချေပဂိုး တစ်ဂိုး ရရှိခဲ့သည်။ ဖြတ်တင်ဘောမှ တစ်ဆင့် ဂျာဗစ် ခေါင်းတိုက်သွင်းသည့် ဘောလုံးမှာ စကာတယ်လ်နှင့် ထိ၍ ဂိုးထဲဝင်သွားခဲ့ခြင်း ဖြစ်သည်။ ၈၁ မိနစ်တွင် လီဗာပူးလ်က တတိယဦးဆေင်ဂိုး ရရှိခဲ့ပြီး ဂျွန်ဆင်၏ ညာခြမ်းမှ ပေးပို့သည့် ဘောလုံးကို ဆွာရက်ဇ်က ခေါင်းတိုက်သွင်းယူခဲ့သည်။ ၈၃ မိနစ်တွင် ဝက်စ်ဟမ်း ကစားသမား နိုလန်က ဟန်ဒါဆန်ကို အနောက်မှ တွန်းလှဲခဲ့သည့်အတွက် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ ၈၄ မိနစ်တွင် လီဗာပူးလ်က စတုတ္ထဂိုး ရရှိခဲ့သည်။ ဂိုးဧရိယာထိပ်မှ ဆွာရက်ဇ် ကန်သွင်းသည့် ဘောလုံးက အိုဘရိုင်ယန်နှင့် ထိ၍ ဝင်သွားခဲ့သည်။ ပွဲအပြီးတွင် လီဗာပူးလ်က ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး တစ်ဖက်တွင် ချယ်ဆီးက ရှုံးနိမ့်သွားခဲ့သည့် အတွက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

Soccer Myanmar

0 comments:

Post a Comment