7.12.13

ဆန်စပါးကဏ္ဍ SMEs များ မညီညွတ်ပါက AFTA ဖော်ဆောင်ချိန်တွင် ပြိုလဲမည်ဟုဆို

ပြည်တွင်း ဆန်စပါးကဏ္ဍရှိ အသေးစားနှင့် အလတ်စားလုပ်ငန်း များသည် အချင်းချင်း မညီညွတ်ပါက အာဆီယံ စီးပွားရေး အသိုက်အဝန်း ဖော်ဆောင်ချိန်တွင် ပြိုလဲကျ သွားနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က သတိပေး ပြောကြားသည်။


အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု ဧရိယာ (Asean Free Trade Area-AFTA) နှင့် အာဆီယံ စီးပွားရေး အသိုက်အဝန်း (Asean Economic Community- AEC) ဖော်ဆောင်ချိန်တွင် ပြည်တွင်း အသေးစားနှင့် အလတ်စား လုပ်ငန်းများ ညီညွတ်ရန် လိုအပ်နေပြီး ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားရန် လိုအပ်သည်ဟု ၎င်းကဆိုသည်။

ဆန်စပါး ကဏ္ဍရှိ SMEs များသည် အချင်းချင်း ပြိုင်ဆိုင်မှု ကြီးမားကာ မညီညွတ်ကြောင်း၊ SMEs များ မညီညွတ်ပါက ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ဈေးကွက်ရရန် ပိုမိုလွယ်ကူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တွဲဖက် အတွင်းရေးမှူး ဦးအောင်မြင့်က သုံးသပ်ပြသည်။

ယင်းအပြင် ပြည်တွင်း SMEs များ ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံ ဆန်စပါး ကဏ္ဍ၏ တစ်ခုတည်းသော အများပိုင် ကုမ္ပဏီဖြစ်သည့် မြန်မာ့ လယ်ယာစီးပွား အများပိုင် ကုမ္ပဏီသည် ထုတ်လုပ်မှု ဖြစ်စဉ် အစမှ အဆုံးထိ မလုပ်ကိုင်သင့်ကြောင်း ၎င်းကထောက်ပြသည်။
“MAPCO က A ကနေ Z အထိ မလုပ်ရဘူး။ သူက level နဲ့အညီ ဘယ်နေရာမှာ နေမလဲ စဉ်းစားရမယ်။ အထူးပြု ကုမ္ပဏီတွေ၊ လုပ်ငန်းသေးတွေရဲ့ အခန်းကဏ္ဍကရော ဘာလဲ။ သူတို့ကိုလည်း နေရာပေးရမယ်။ ဒီလိုမဟုတ်ရင် ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေက အကုန်စားသွားမှာ” ဟု ၎င်းကဆိုသည်။

ဂျပန်နိုင်ငံတွင်မူ ကော်ပိုရေးရှင်းကြီး များသည် အဆိုပါ နိုင်ငံ၏ SMEs များကို ထောက်ပံ့ ကူညီထားပြီး SMEs များ ဝင်ရောက် လုပ်ကိုင်နိုင်သည့် လုပ်ငန်းများတွင် ကော်ပိုရေးရှင်းကြီးများက ဝင်ရောက် လုပ်ကိုင်လေ့ မရှိကြောင်း ပြည်တွင်း ဆန်စက်လုပ်ငန်းရှင် အချို့က ဆိုသည်။
“ဒါတွေကို အမြန်ဆုံး ကုစားဖို့ လိုပါတယ်။ အခုဝင်လာတဲ့ ကုမ္ပဏီတွေက မျိုးစေ့ ကနေ Export အထိ အကုန်လုပ်ဖို့ စီစဉ်နေကြတယ်။ ကျွန်တော်တို့လို မိရိုးဖလာ စက်ပိုင်တွေက စပါးဝယ်ဖို့ ထိုင်စောင့်နေရတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်မှ ဆန်စက်ပိုင်ရှင် တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသည် ဥရောပသမဂ္ဂ၏ ပို့ကုန် အထူးအခွန် ကင်းလွတ်ခွင့် ရရှိထားသောကြောင့် ဒေသတွင်း ကမ္ဘောဒီးယား နိုင်ငံနှင့်အပြိုင် ဥရောပသို့ ဆန်တင်ပို့ရမည့် အနေအထား ရှိပြီး ဆန်စပါးကဏ္ဍရှိ လုပ်ငန်းရှင်များ စည်းလုံး ညီညွတ်ကြရန် လိုအပ်လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝန်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်က ပြောကြားထားသည်။

The Voice Weekly

0 comments:

Post a Comment