7.12.13

မူဆယ်မှ တရုတ်နိုင်ငံသို့ ဆန်တရားဝင် ရောင်းချနိုင်ရေး အသိအမှတ်ပြု လက်မှတ်ရရန် ဆောင်ရွက်မည်

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်များကို မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးမှ တစ်ဆင့် တင်ပို့ ရောင်းချနိုင်ရေး တရုတ်နိုင်ငံ အသိအမှတ်ပြု ဘေးအန္တရာယ် ကင်းရှင်းကြောင်း AQ/SIQ လက်မှတ်ရရှိရန် အတွက် နှစ်နိုင်ငံစလုံး ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပူးပေါင်း ညှိနှိုင်း အစည်းအဝေးမှ သိရသည်။


အဆိုပါ လက်မှတ် ရရှိရေးအတွက် တရုတ်နိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိသူများက မြန်မာနိုင်ငံ ဆန်ထုတ်လုပ်မှု အခြေအနေများကို လာရောက် လေ့လာပြီးနောက် လက်မှတ် ရရှိရေး ဆောင်ရွက်ရမည့် နည်းလမ်းများကို မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ဝန်ထမ်းများကို ခေါ်ယူလေ့လာစေကာ ဆွေးနွေးပွဲ ဆောင်ရွက်မည် ဖြစ်ကြောင်း တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး ပူးပေါင်း ညှိနှိုင်း အစည်းအဝေးမှ ထပ်မံသိရသည်။

“AQ/SIQ လက်မှတ်ပါရင် မြန်မာနိုင်ငံက ဆန်ကို ဝယ်ယူသွားမှာပါ။ အဲဒီ လက်မှတ်ရရှိဖို့ မြန်မာနိုင်ငံက လယ်ယာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာနက တရုတ်နိုင်ငံက သက်ဆိုင်ရာဌာနကို တရားဝင် စာပို့ပြီး ဆောင်ရွက်ဖို့ လိုတယ်” ဟု ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

AQ/SIQ လက်မှတ် ရရှိရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးက ပြောကြားသည်။

မြန်မာနိုင်ငံက ထွက်ရှိသည့် ၂၅ မှတ်ဆန်များ မူဆယ် ၁၀၅ မိုင်မှ တရုတ်နိုင်ငံသို့ တင်ပို့ရန် ဒီဇင်ဘာ လဆန်းပိုင်းက တစ်ရက်လျှင် အိတ်ရေ ခြောက်သောင်းခန့် ရှိကြောင်း၊ တရားမဝင် ရောင်းချရသဖြင့် ထိုက်သင့်သည့်ဈေး မရရှိခြင်းနှင့် တရုတ် ဈေးကွက်သို့ ထိုးဖောက် ရောင်းချနိုင်ခြင်း မရှိကြောင်း မူဆယ်မြို့ရှိ ဆန်ကုန်သည်များက ပြောကြားသည်။

နဝမအကြိမ်မြောက် တရုတ်- မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပူးပေါင်း ညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၆ ရက်နေ့တွင် ရွှေလီမြို့ ကျင်းချင်ဒီဟိုင် ဟိုတယ်တွင် ဒေသစံတော်ချိန် ညနေ ၃ နာရီက ကျင်းပခဲ့သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့က ယူနန်ပြည်နယ် စားနပ်ရိက္ခာအဖွဲ့သည် မန္တလေး မြို့ဆန်ကုန်သည်များ၊ ဆန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ၂၅ မှတ်ဆန်များအပြင် ပေါ်ဆန်းမွှေး ဆန်များလည်း တင်သွင်း ရောင်းချ စေလိုသည်ဟု ဆွေးနွေးသွားကြောင်း ဆန်ကုန်သည် တစ်ဦးကဆိုသည်။

The Voice Weekly

0 comments:

Post a Comment