14.12.13

ကာတာလိုနီးယား ခွဲထွက်ရေးကို စပိန်အစိုးရ တားဆီးမည်

ကာတာလိုနီးယားကို လွတ်လပ်ရေး ကြေညာခွဲထွက်ရန်အတွက် လာမည့်နှစ် နိုဝင်ဘာလတွင် ပြည်လုံးကျွတ် ဆန္ဒမဲ ကောက်ခံပွဲကြီးတစ်ခု ပြုလုပ်သွားရန် ဒေသတွင်း ပါတီများက ကြိုးစားနေသည်

စပိန်အစိုးရ အနေဖြင့် ကာတာလိုနီးယား ဒေသမှ နိုင်ငံရေး ပါတီများ၏ လွတ်လပ်ရေး ခွဲထွက်ကြေညာရန် တောင်းဆိုမှုများကို ပိတ်ပင်သွားရန် ဆုံးဖြတ်ထားကြောင်း သိရှိရသည်။ ကာတာလိုနီးယားကို လွတ်လပ်ရေး ကြေညာခွဲထွက်ရန်အတွက် လာမည့်နှစ် နိုဝင်ဘာလတွင် ပြည်လုံးကျွတ် ဆန္ဒမဲ ကောက်ခံပွဲကြီးတစ်ခု ပြုလုပ်သွားရန်

ဒေသတွင်း ပါတီများက ကြိုးစားနေသည်။ ဘာစီလိုနာမြို့ကြီး ပါဝင်နေပြီး သဘာဝ သယံဇာတ ကြွယ်ဝသည့် ကာတာလိုနီးယား ဒေသကို စပိန်အစိုးရ၏ ဩဇာမှ ထုတ်နုတ်ခွဲထွက်ရန်မှာ ဒေသခံ ကာတာလန်သားတို့ အစဉ်အဆက် ကြိုးစားခဲ့သည့် အားထုတ်မှုတစ်ရပ် ဖြစ်သည်။

ယခုတစ်ကြိမ် ခြေလှမ်းကိုလည်း စပိန်အစိုးရက တားဆီးမည်သာဖြစ်ကြောင်း အတိအလင်း သတိပေးထားသည်။ "အဲဒီဆန္ဒခံယူပွဲ လုပ်ဖြစ်မှာ မဟုတ်ပါဘူး"ဟု တရားရေးဝန်ကြီး အယ်လ်ဘာတို ဂယ်လာဒွန်က သတင်းထောက်များအား ပြောကြားခဲ့သည်။ ကာတာလိုနီးယားပြည်နယ် ဥက္ကဋ္ဌ အာတာမက်စ်က မိမိတို့အနေဖြင့် ဆန္ဒခံယူပွဲ ကျင်းပရန် သဘောတူညီထားပြီဟု ကြေညာခဲ့ပြီး မကြာမီမှာပင် ဂယ်လာဒွန်က ယခုလို ငြင်းချက်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် မာရီယာနို ရာဂျွိုင်ကိုယ်စားပြုသည့် လက်ရှိအာဏာရ ပေါ်ပြူလာပါတီနှင့် အတိုက်အခံ ဆိုရှယ်လစ် ပါတီတို့သည် စပိန်ထံမှ ကာတာလိုနီးယား ခွဲထွက်မည့် အခြေအနေကို တညီတညွတ်တည်း ကန့်ကွက်ထားသည်။ ပါတီနှစ်ရပ်လုံးက ပြည်လုံးကျွတ် ဆန္ဒခံယူမှုကို ဆန့်ကျင်ကြောင်း ကြေညာထားပြီး ဖြစ်သည်။ ကာတာလိုနီးယားသည် စပိန်၏ ဖွံ့ဖြိုးမှု အမြန်ဆန်ဆုံး ဒေသတစ်ခုဖြစ်ပြီး လူဦးရေ (၇.၅)သန်းကျော် နေထိုင်သည်။ ဒေသခံများသည် စပိန်အစိုးရကို ကြည်ညိုမှု နည်းပါးပြီး ၎င်းတို့၏ ကာတာလန် အမျိုးသားရေး ဝါဒကိုသာ အဓိက ဦးထိပ်ထားလေ့ရှိကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment