26.12.13

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၃၇ သန်း ရှိခဲ့ရာမှ ယခုနှစ် လက်ရှိကာလအထိ ၁၅ သန်းသာ ၀င်ရောက်မှုရှိ

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို လေ့လာကြည့်ပါက ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂၃၇ သန်းရှိခဲ့ရာမှ ယခုနှစ်တွင် လက်ရှိကာလအထိ ၁၅ သန်းသာ ၀င်ရောက်မှုရှိသေးကြောင်း သို့သော်နောက်ထပ်ဝင်ထားသော project proposal များရှိနေသည့်အတွက် စောင့်ကြည့်ရဦး မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။


" တရုတ်ရဲ့ investment တွေ လျော့သွားလားဆိုတဲ့အပိုင်းမှာ တချို့လည်းပြောကြတယ်။ လျော့သွားတယ်ပေါ့။ တရုတ်က ၂၀၁၁- ၂၀၁၂ မှာ သူရဲ့ ရင်းနှီး မြှုပ်နှံမှုက သန်းပေါင်း ၄၃၄၅ သန်းရှိတယ်။အဲဒီအထဲမှာ အထက်ချီဖွေပေါ့။ အထက်ချီဖွေက သန်းပေါင်း ၄၃၁၀ ရှိတယ်။ ဆိုတော့ တရုတ်နိုင်ငံက စုစုပေါင်း ၄၃၄၅ သန်းက နေပြီး သန်းပေါင်း ၄၃၁၀ နှုတ်လိုက်ရင် အခြား investment ၀င်တာ ၃၅ သန်းရှိတယ်။ ၂၀၁၂-၂၀၁၃ မှာကျတော့ သူရဲ့ investment က ၂၃၇ သန်းရှိတယ်။ အဲဒီတော့ ရုတ်တရက် ကြည့်လိုက်ရင် အရမ်းကျသွားတယ်လို့ထင်ရပါတယ်။ သို့သော်လည်းပဲ အထက်ချီဖွေကို ခဏမေ့လိုက်လို့ရှိရင် သန်းပေါင်း ၃၀ ကျော် ကနေ သန်းပေါင်း ၂၀၀ ကျော်ဖြစ်လာတယ်။ ဆိုတော့တက်တယ်လို့တောင် ပြောလို့ရပါ တယ်။ ဒါပေမဲ့ လက်ရှိကာလမှာတော့ တရုတ်က ၁၅ သန်းပဲရှိသေးတယ်။ မနှစ်ကနဲ့ ဒီနှစ်ကို နှိုင်းယှဉ်လိုက်ရင်တော့ ဒီနှစ်နည်း နည်းလျော့တယ်လို့ ပြောလို့ရပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့လက်ထဲမှာ proposal တွေရောက်နေတာရှိပါတယ်။ မနှစ်ကကိုတော့မမီပေမယ့် တအားတော့ ထိုးမကျပါဘူး။ ဘာလို့လဲဆိုတော့ အတည်မပြုရသေးတဲ့ proposal တွေရှိနေတဲ့အတွက်ပါ " ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောကြားသည်။

သို့သော် ကဏ္ဍအလိုက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု များ မြင့်တက်လာခဲ့ကြောင်း အိမ်ခြံမြေလုပ်ငန်း၊ ခရီးသွားလုပ်ငန်းများနှင့် သားငါးဏ္ဍများလည်း ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာကြောင်း သိရှိရသည်။

" နောက်တစ်ခုက နိုင်ငံအလိုက်ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုကို ပြန်ကြည့်ရင်လည်း ထူးခြားတာတွေ့ရပါတယ်။ ဒီနှစ်ထဲမှာဆိုရင် သြစတြေးလျနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေပြန်ဝင်လာပါတယ်။ သူက ၂၀၀၁ ခုနှစ်က စပြီး နောက်ပိုင်းမှာ တစ်ခါမှ ရင်းနှီးမြှုပ်နှံမှု မရှိတော့ဘူး။ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်ကတည်းက မ၀င်ခဲ့တဲ့နိုင်ငံက အခုပြန်လာလုပ်တာပါ။ အလားတူပဲ ပြင်သစ်နိုင်ငံကလည်း မ၀င်ခဲ့တာကြာပါပြီ။ ၂၀၀၁-၂၀၀၂ လောက် ကစပြီး မ၀င်တော့ဘူး။ နောက်ကျွန်တော်တို့ဆီမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဖူးတဲ့ လူဇင်ဘတ်လို နိုင်ငံမျိုးကလည်း ဒေါ်လာငါးသန်းလောက် ကျွန်တော်တို့ တိုင်းပြည်ထဲကိုဝင်လာတယ်။ နောက် UAE ရင်းနှီးမြှုပ်နှံမှုတွေဝင်လာတယ် " ဟု ဆက်လက်ပြောကြားခဲ့သည်။

အလားတူ နောက်ပိုင်းကာလများတွင် အရင်းအမြစ်များတူးဖော်သောလုပ်ငန်းများအား Myanmar Investment Commission က သေချာစိစစ်ရန် စီစဉ်နေကြောင်း ဦးအောင်နိုင်ဦးက ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment