30.1.14

ငါးမန်းကိုက်သည့် ဒဏ်ရာကို ကိုယ်တိုင်ပြန်ချုပ်ပြီး ဘီယာသွားသောက်သည့် ဆရာဝန်

ငါးမန်းကိုက်ခံရသဖြင့် ၎င်း၏ ရေငုပ်ဝတ်စုံ ဆိုးရွားစွာ ပြဲသွားသော်လည်း အသားပေါ်တွင် ပြင်းပြင်းထန်ထန် သက်ရောက်မှု မရှိခြင်းမှာ ကံကောင်းခဲ့ကြောင်း ဂရန့်က မှတ်ချက်ပြုသွား နယူးဇီလန်မှ ဆရာဝန် တစ်ဦးသည် ငါးမန်းကိုက်ခံရသည့် ဒဏ်ရာကို ကိုယ်တိုင်ပြန်ချုပ်ကာ ဘီယာသွားသောက် ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
အသက်(၂၄)နှစ်ရှိ ဂျိမ်းစ်ဂရန့်သည် ဆရာဝန် တစ်ဦးဖြစ်ပြီး စနေနေ့က တောင်ပိုင်းကမ်းခြေ ဒေသရှိ ကိုလက်ဘေးတွင် အပျော်တမ်း ရေငုပ်နေခဲ့သည်။ ထိုအချိန်တွင် ၎င်းကို ဆဲဗင်းဂေးလ် ငါးမန်းတစ်ကောင်က ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ဂရန့်သည် ခါးတွင် ချိတ်ယူလာသော ဓားမြှောင်ဖြင့် ငါးမန်းကို ပြန်လည်တုံ့ပြန်ကာ လွတ်မြောက်လာပြီး ကမ်းခြေထိအရောက် ရေကူးလာခဲ့သည်။

"ကျွန်တော့်ခြေထောက်မှာ တစ်ခုခု စူးနစ်သွားတာ ခံစားမိလိုက်တယ်လေ"ဟု ဂရန့်က ဆိုသည်။ "ရေငုပ်ရင်း ခြေထောက်မှာ ထိခိုက်မိသွားတော့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ယောက်လို့ ထင်လိုက်တာ။ လှည့်ကြည့်လိုက်မှ ငါးမန်းကြီး ဖြစ်နေတယ်။ ကျွန်တော် ဓားနဲ့ လှမ်းလှမ်းပြီး ထိုးလိုက်တယ်။ အဲဒီတော့ ဒီကောင်ကြီး ပြန်လှည့်ပြေးသွားတယ်"ဟု ဂရန့်က ရှင်းပြခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဂရန့်သည် ကြောက်စိတ်ကို ဖယ်ရှားပြီး ကမ်းခြေထိ အရောက်ပြန်ကူးလာနိုင်ခဲ့သည်။ ထို့နောက် ၎င်းသည် ရှေးဦးသူနာပြု သေတ္တာလေး တစ်လုံးကို အသုံးပြုကာ ဒဏ်ရာကို ကိုယ်တိုင်ပြန်ချုပ်ခဲ့သည်။

ကမ်းခြေ ဘီယာဆိုင်မှ ဝါရန်ဘီဗင်က မိမိသည် ဂရန့်ကို ဘီယာတိုက်ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ "ဆိုင်ကို ရောက်လာတာနဲ့ သူက ရှေးဦးသူနာပြု သေတ္တာကို တောင်းတယ်။ ပြီးတော့ ဒဏ်ရာကို ပြန်ချုပ်တော့တာပဲ။ နောက်တော့ ဆိုင်မှာပဲ ဆက်နေပြီး ဘီယာသောက်နေခဲ့ပါတယ်"ဟု ဘီဗင်က ဆိုသည်။ နောက်ပိုင်းတွင်မူ ဂရန့်သည် ဆေးရုံတစ်ခုတွင် အလုပ်လုပ်နေသည့် သူငယ်ချင်း ဆရာဝန် တစ်ဦးထံ သွားရောက်ပြီး ဒဏ်ရာကို အပြီးသတ် ပြန်ချုပ်ခဲ့သည်။ ငါးမန်းကိုက်ခံရသဖြင့် ၎င်း၏ ရေငုပ်ဝတ်စုံ ဆိုးရွားစွာ ပြဲသွားသော်လည်း အသားပေါ်တွင် ပြင်းပြင်းထန်ထန် သက်ရောက်မှု မရှိခြင်းမှာ ကံကောင်းခဲ့ကြောင်း ဂရန့်က မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

0 comments:

Post a Comment