28.1.14

ပိုက်လိုင်းပေါက်မှု ပြင်ဆင်ပြီး၍ CNG ဂက်စ် ပုံမှန်အတိုင်း ပြန်ရောင်းမည်

ညောင်တုန်းရေနံမြေမှ ရွာမ သဘာဝဓာတ်ငွေ့ စက်ရုံသို့ ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့ သွယ်တန်းသော ပိုက်လိုင်း ပေါက်မှုကို ပြင်ဆင်ပြီးဖြစ်သောကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရီးသည်တင်ယာဉ်လိုင်းများနှင့် အငှားယာဉ်များကို CNG သဘာဝဓာတ်ငွေ့
ပုံမှန်အတိုင်း ပြန်လည်ရောင်းချမည် ဖြစ်ကြောင်း ရွှေပြည်သာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပြုပြင်ထိန်းသိမ်းရေး စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇန်နဝါရီ ၂၆ ရက် နံနက် ၆ နာရီ ဝန်းကျင်က ထန်းတပင်မြို့နယ်၊ တောညိုရွာ အနီး လယ်ကွင်းတွင်းသို့ ဖြတ်သန်းသွားသော အဆိုပါပိုက်လိုင်းမှာ သံချေးတက်ပြီး ပေါက်ခဲ့၍ ပြင်ဆင်ခဲ့ရာ ဇန်နဝါရီ ၂၇ ရက် နံနက် ၂ နာရီခွဲတွင် ပြင်ဆင်ပြီး ဖြစ်သဖြင့် သဘာဝဓာတ်ငွေ့ များကို ပုံမှန်အတိုင်း ပြန်လည် ပို့လွှတ်နေပြီ ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

သဘာဝဓာတ်ငွေ့ ပိုက်လိုင်းပေါက်မှု ဖြစ်ပွားသောကြောင့် ဇန်နဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းက သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များတွင် ဂက်စ်ထုတ်ယူရန် စောင့်ဆိုင်းနေသည့် ခရီးသည်တင်ယာဉ် များပြားပြီး ပြေးဆွဲသည့်ယာဉ် နည်းပါးမှုကြောင့် ယာဉ်စောင့်ဆိုင်းရမှု ကြာမြင့်ခြင်း၊ ယာဉ်စီးခရီး သည်များ ကြပ်ညပ်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း ခရီးသွားများထံမှ သိရသည်။

"ပိုက်ဆံရှိရင် ရွှေဝယ်လို့ရတယ်။ ဂက်စ်ဝယ်လို့ မရဘူး" ဟု မြောက်ဒဂုံ (ကြိုးတံတား) မှ စံပြဈေးသို့ ပြေးဆွဲနေသော အမှတ် (၆၁) ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးကဆိုသည်။

ညောင်တုန်းနှင့် ချောက်ရေနံမြေ များမှ ထုတ်လုပ်သော သဘာဝဓာတ်ငွေ့ကို ရွာမ သဘာဝဓာတ်ငွေ့ စခန်းသို့ ပိုက်လိုင်းဖြင့် သွယ်တန်း ပို့လွှတ်ပေးပြီး ရန်ကုန်တိုင်း ဒေသကြီးတွင်း ပြေးဆွဲနေသော သဘာဝ ဓာတ်ငွေ့သုံးယာဉ် များသို့ တစ်ဆင့်ပြန် လည်ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment