28.1.14

EMG သတင်းထောက် မခိုင်အား ထောင်ဒဏ်ချမှတ်သည့်အပေါ် အယူခံတင်သွင်းမှု လွိုင်ကော်ခရိုင်တရားရုံး ပယ်ချ၊ မျှတခြင်းမရှိသည့် တရားစီရင်မှုအပေါ် အယူခံ ဆက်လက်တင်သွင်းတော့မည်မဟုတ်

လွိုင်ကော်မြို့နယ်တရားရုံးက Eleven Media Group ၏ နယ်သတင်းထောက် မခိုင်အား မတရားထောင်ဒဏ်ချမှတ်ခဲ့သည့်အပေါ်ခရိုင်တရားရုံးသို့ အယူခံတင်သွင်းမှုအား လွိုင်ကော်ခရိုင်တရားရုံးက ဇန်န၀ါရီ ၂၇ ရက်က ပယ်ချခဲ့သည်။

ထို့ကြောင့် တရားမျှတမှုမရှိသည့် တရားစီရင်မှုအပေါ် အယူခံတင်သွင်းတော့မည် မဟုတ်ကြောင်း သိရသည်။

"အုပ်ချုပ်ရေးမဏ္ဍိုင်က တရားစီရင်ရေးမဏ္ဍိုင်အပေါ်ကို လွှမ်းမိုးနေတာကြောင့် ဒီလိုအဖြေထွက်လာတာပါ" ဟု ရှေ့နေများကွန်ရက်မှ ဦးအေးမင်းက ပြောကြားသည်။ 



အိမ်ကျော်နင်းမှု၊ အသရေဖျက်မှု၊ ညစ်ညမ်းစွာပြောဆိုမှု စသည့်စွပ်စွဲချက်များဖြင့် တိုင်ကြားခံရသည့် EMG ၏ လွိုင်ကော်မြို့နယ် သတင်းထောက် မခိုင်အား လွိုင်ကော်မြို့နယ်တရားရုံးက ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၇ တွင် ပြစ်မှုကြီးအမှတ် (၃၆၁၃/၂၀၁၃) ဖြင့် စီရင်ချက် ချမှတ်ခဲ့သည့်အပေါ် အယူခံတင်သွင်းခဲ့ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်က ခရိုင်တရားသူကြီး၏ တရားခွင်၌ အယူခံတင်သွင်းမှုနှင့် ပတ်သက်သော နှစ်ဖက်လျှောက်လဲချက်များကို ကြားနာခဲ့ပြီး ဇန်န၀ါရီ ၂၇ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

"အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေချိန်မှာ တရားစီရင်ရေးရဲ့ ပြုပြင်ပြောင်းလဲမှုကတော့ အစကတည်းက မပြောင်းသလောက်ဖြစ်နေတယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းက အဖွဲ့အစည်းအားလုံးက ၀ိုင်းပြောနေချိန်မှာ ဒီလိုမျိုး ဆက်လုပ်တယ်ဆိုတာကတော့ ပြည်သူ့ဆန္ဒ၊ အများဆန္ဒကို နားမထောင်တဲ့သဘောပေါ့။ ပြည်သူ့ဝန်ထမ်းတွေ မဟုတ်လို့ပေါ့" ဟု မြန်မာသတင်းစာဆရာများကွန်ရက်မှ တွဲဖက်အတွင်းရေးမှူး (၁) ကိုအောင်သူရက ဆိုသည်။

"လွိုင်ကော်မြို့နယ်က ချမှတ်လိုက်တဲ့ ထောင်ဒဏ်သုံးလကို လျှော့ပေါ့လွှတ်ပေးဖို့ ခရိုင်တရားရုံးမှာ အယူခံတင်ခဲ့တယ်။ အဲဒီအယူခံကို ယနေ့ ဇန်န၀ါရီ ၂၇ ရက်မှာ အမိန့်ချမှတ်ခဲ့ပါတယ်။ လွိုင်ကော်ခရိုင် တရားသူကြီး ဒေါ်လှလှသိန်းက အမှုကို ပယ်ချလိုက်တယ်" ဟု မခိုင်အမှုအား လိုက်ပါဆောင်ရွက်နေသော အထက်တန်းရှေ့နေ ဦးဇော်မြင့်ထွန်းက ပြောကြားသည်။

အယူခံပယ်ချခံရခြင်းနှင့် ပတ်သက်၍ "ကျွန်မအနေနဲ့ ပြည်နယ်အဆင့်ကို အယူခံထပ်မတင်တော့ပါဘူး။ ချမှတ်ထားတဲ့ ထောင်ဒဏ်သုံးလကိုပဲ ရင်ဆိုင်သွားမယ်" ဟု လွိုင်ကော်ထောင်အတွင်း ထောင်ဒဏ်ကျခံနေရသော သတင်းထောက်မခိုင်က ဇန်န၀ါရီ ၂၇ ရက်တွင် The Daily Eleven မှ ထောင်ဝင်စာတွေ့စဉ် ပြောကြားသည်။

"ဒီကယားပြည်နယ်အတွင်းမှာ တရားရေးရာအပိုင်းတွေ တော်တော်လေးကို ယိမ်းယိုင်ပြီးတော့ ပျက်စီးဆိုးရွားနေပါတယ်။ ဒီလိုပျက်စီးနေတဲ့ အခြေအနေတွေကို အဆင့်ဆင့်တာဝန်ရှိသူတွေက ထိထိရောက်ရောက် စုံစမ်းစစ်ဆေးပြီးတော့ ပျက်စီးနေတဲ့ တရားရေးရာအပိုင်းကို ဘာကြောင့်ပြန်ပြီးတော့ သန့်ရှင်းအောင် မလုပ်နိုင်သေးဘူးဆိုတာ ဒေသခံအားလုံးက တော်တော်လေးကို သိချင်နေကြတယ်" ဟု အသက် (၆၀) နှစ်အရွယ် ဒေသခံ ဦးဒေါင်းဒိန်းက ပြောကြားသည်။

"မြန်မာသတင်းစာဆရာများကွန်ရက်အနေနဲ့ ဒီဖြစ်ရပ်အပေါ်မှာ လက်မခံနိုင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။ ကျွန်တော်တို့ စိုးရိမ်နေတာက မခိုင်နဲ့ ဒေါ်အေးအေးဖြိုးတို့ရဲ့အမှုက ကျင့်ထုံးအနေနဲ့ဖြစ်သွားပြီး သတင်းသမားတွေ သတင်းယူရင်း တရားအစွဲခံရတဲ့အခါမှာ ဒီအမှုတုန်းက ဒီလိုဆုံးဖြတ်ဖူးတယ်ဆိုပြီး တရားစီရင်ခံရမှာ၊ သတင်းသမားတွေရဲ့ လွတ်လပ်စွာ သတင်းရယူခွင့်ကို ခြိမ်းခြောက်ခံရမှာ စိုးရိမ်မိတယ်" ဟု မြန်မာသတင်းစာဆရာများကွန်ရက်မှ တွဲဖက်အတွင်းရေးမှူး(၂) ကိုသန်းဌေးက ဆိုသည်။

"သတင်းထောက်မခိုင်ရဲ့ အမှန်တရားအတွက် ကျွန်တော်တို့ရော နိုင်ငံတကာရော ပြည်တွင်းကပါ အစွမ်းကုန်ကြိုးစားကြတယ်ဆိုတာက မခိုင် လွတ်မြောက်ရုံသက်သက် မဟုတ်ပါဘူး။ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲဟာ အစစ်အမှန်လားဆိုတာ စမ်းသပ်တဲ့သဘောပါ။ အခုတော့ အဖြေပေါ်သွားပါပြီ။ ဥပဒေကို လက်တစ်လုံးခြားလုပ် အကာအကွယ်ယူ၊ ရွေးကောက်ပွဲကို ဟန်ပြလုပ်ပြီး ဒီမိုကရေစီ အာဏာရှင်စနစ်ကို အသက်သွင်းနေတဲ့ ကမ္ဘောဒီးယားပုံစံမျိုးကို ဖန်တီးလိုတဲ့ အာဏာရှင် အကြွင်းအကျန်တွေ အင်အားရှိနေဆဲ ဖြစ်တယ်ဆိုတာ ပြည်သူတွေ လက်တွေ့ကျကျ မြင်ခွင့်ရတဲ့အတွက် မခိုင်ဟာ ထောင်ထဲမှာ 'သုံးလ' အနစ်နာခံနေရကျိုးနပ်သွားပါတယ်။
ဘယ်လိုအခက်အခဲပဲကြုံကြုံ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်တွေဟာ ခိုင်မာမှုရှိကြောင်း အာဏာရှင်တွေကို သက်သေပြနိုင်ကြရမယ်" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment