2.9.15

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းဒေသတချို့ မြေပြိုမယ့် အန္တရာယ် ရှိတယ်လို့ဆို


စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ မိုးအားကောင်းနေတာကြောင့် မြေပြိုကျနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားလိုက်ပါတယ်။
NASA ဂြိုဟ်တုရဲ့ တိုင်းတာချက်တွေအရ အဲ့ဒီဒေသတွေမှာ တစ်ရက် မိုးရွာသွန်းအပြီး မိုးရေချိန် တစ်လက်မမှ ငါးလက်မ ရှိနေပြီး လွန်ခဲ့တဲ့ ခုနစ်ရက်အတွင်း မိုးရွာသွန်းရာမှာ မိုးရေချိန် ၁၆ လက်မမှ ၂၄ လက်မအထိ ရှိနေတဲ့အတွက် မြေပြိုကျနိုင်တဲ့ အလားအလားတွေဟာ အလွန်ဖြစ်နိုင်ခြေ (Very Likely Condition) ရှိနေတာကို ပြသနေတဲ့အတွက် မြေပြိုမယ့် အန္တရာယ်ရှိနိုင်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် နောက်သုံးရက်အတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့မှာ မိုးရေချိန် ငါးလက်မမှ ခုနစ်လက်မအထိ ရွာသွန်းနိုင်ခြေ ရှိပြီး မိုးများနိုင် တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း တို့မှာ ရေဖုံးလွှမ်းမှု အလားအလာမှာလည်း မြင့်တက်နေတယ်လို့ သူက ဆိုထားပါတယ်။
လက်ရှိ မုတ်သုံလေအခြေအနေမှာ သိသိသာသာ လျော့နည်းနေတာမျိုး မရှိသေးဘဲ မုတ်သုံလေဖိအား စနစ်ဟာ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေနဲ့ မြောက်ပိုင်းဒေသတွေမှာ အားကောင်းနေတာကြောင့် မိုးနှောင်းကာလ (စက်တင်ဘာလ) ပထမပတ်အတွင်း ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတွေနဲ့ ရခိုင်ကမ်းရိုးတန်း တွေမှာ မိုးအားကောင်းနေမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။

Credit to : The Voice Weekly

0 comments:

Post a Comment