2.9.15

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့လယ်ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့တွင် စက်တင်ဘာ ၁ ရက် နံနက် ၁ နာရီ ၃၄ မိနစ်၌ ခရိုင်ရဲတပ်ဖွဲ့ရုံးအား အမည်မသိ အဖွဲ့တစ်ဖွဲ့မှ ဗုံးဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့သဖြင့် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“လက်ပစ်ဗုံးနဲ့ ပစ်တယ်။ မနက် ၁ နာရီ ခွဲလောက်မှာ ပေါက်ကွဲသံ ကြားရတယ်။ မြို့နဲ့ နှစ်မိုင်လောက်ဝေးတော့ မြေကြီးပါ တုန်ခါသွားတာကိုပဲ သိရတယ်။ ကျွန်တော်တို့က အဲဒီအနားသွားလို့လည်း မရဘူး။ ပေးမသွားဘူး”ဟု လင်းခေး NLD ဥက္ကဋ္ဌ ဦးညွန့်ဟန် က ပြောကြားသည်။ ပေါက်ကွဲမှုကြောင့် ခရိုင်ရဲရုံး အဆောက်အအုံ၌ အုတ်နည်းနည်းပဲ့သွားပြီး ပြတင်းပေါက်မှန်ကွဲသွားကြောင်း၊ လူအသေအပျောက်မရှိကြောင်း သိရသည်။

“ပေါက်ကွဲမှုက အတော်လေးပြင်းထန်ပါတယ်။ အဆောက်အအုံတွေ ပျက်ကုန်တယ်။ မှန်တွေလည်း ကွဲကုန်တယ် ။ မြေကြီးပါ တုန်သွားတယ်ဆိုတော့ ပြင်းအားများတယ်လို့ ပြောရမယ် ။ သတင်းကို သူတို့ထိမ်ချန်ထားတယ်။ ကျွန်တော်တို့က အချိန်နဲ့တကွ မှတ်တမ်းတင်ထားလို့ သိရတာပါ”ဟု နမ့်စန် NLD မှ ဦးနေဇော်နိုင်က ပြောကြားသည်။

ယခင်ကလည်း ယခုကဲ့သို့ ပေါက်ကွဲမှုမျိုး မကြုံခဲ့ဖူးကြောင်း လင်းခေးမြို့ခံတစ်ဦး က ပြောကြားသည်။

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူးကျော်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် “အထိအခိုက်တော့ မရှိပါဘူး။ လူတစ်ဦး သို့မဟုတ် အဖွဲ့တစ်ဖွဲ့က စခန်းတွင်းကို ဗုံးနဲ့လှမ်းပစ်တာ။ မြေပြင်ကွင်းပြင်ထဲမှာ ကျကွဲတယ်။ အသံကြောင့် မှန်နည်းနည်းပါးပါး ကွဲတာပဲဖြစ်တယ်။ လူ ဘာမှမဖြစ်ပါဘူး။ အရင်က မဖြစ်ဖူးပါဘူး။ အသေးစိတ်အခြေအနေကို စုံစမ်းစစ်ဆေးဆဲ ဖြစ်ပါတယ်”ဟု ပြောကြားသည်။   
Credit To >>> Eleven Media Group

0 comments:

Post a Comment