2.9.15

ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန် ကလေးမြို့ကို မောင်းသူမဲ့လေယာဉ်ဖြင့် မြေပုံတိုင်းတာ

ကလေးမြို့တွင် ဖြစ်ပေါ်ခဲ့သော ရေလွှမ်းမိုးမှုအခြေအနေများကို လေ့လာရန်နှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ မောင်းသူမဲ့လေယာဉ်ဖြင့် ကောင်းကင်မြေပုံ တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရ ရှိသည်။
‘‘ကလေးရေဘေးသင့် ဒေသမှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ် ဆောင်နိုင်ဖို့အတွက် ကောင်းကင်မြေပုံတိုင်းတာမှုတွေ၊ ဓာတ်ပုံမှတ်တမ်းတွေရယူဖို့ မောင်းသူမဲ့ လေယာဉ်နဲ့ လေ့လာမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ်သုတေသနဌာန ဌာနမှူး ဒေါက်တာ သဲမောင်မောင်ကပြောသည်။
ကလေးမြို့ကို မောင်းသူမဲ့ လေယာဉ်ဖြင့် လေ့လာမှုပြုလုပ် ခြင်းကို သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်အထိ သုံးရက်ကြာပြုလုပ်ခဲ့ပြီး ရရှိလာသည့် မှတ်တမ်းများကို မြေပုံအဖြစ် ရယူကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးချမည်ဖြစ်သည်။
‘‘လက်ရှိတိုင်းတာမှုတွေအရ ကလေးမှာ မြစ်ကြောင်းပြောင်းလဲပြီး ချောင်းတွေ၊ ရွာတွေကို တိုက်စားမှု ဖြစ်ပေါ်ခဲ့တာတွေနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေ ကို တိုင်းတာရရှိခဲ့ပါတယ်။ အဲဒါ တွေကို အသုံးပြုပြီးနောက်ပိုင်း ကြိုတင်ကာကွယ်ရေးအတွက်ပါ အသုံးပြုနိုင်အောင် လုပ်ဆောင်သွားပါမယ်’’ဟု ဒေါက်တာသဲမောင်မောင်က ပြောသည်။
ယမန်နှစ်အတွင်း မြန်မာ နိုင်ငံ လေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်မှ ကိုယ်ပိုင်ဒီဇိုင်း တည်ဆောက်ခဲ့သည့် မောင်းသူမဲ့ လေယာဉ်ဖြစ်သည့် MACEU 05 ကို မြန်မာနိုင်ငံတွင် ပထမဆုံးသော 500KV ဓာတ်အားလိုင်း တည်ဆောက်ရေး လမ်းအူကြောင်းပြေးဆွဲရာ၌ စစ်တမ်းကောက်ယူမှုအဖြစ် အသုံးပြုခဲ့ပြီး လက်ရှိတွင် သဘာဝဘေးအတွက် စစ်တမ်းကောက်ယူရာ၌ ထပ်မံအသုံးပြုခဲ့သည်။

Credit To >>> 7Day News

0 comments:

Post a Comment