29.3.16

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်မှု အစီအစဉ်အရ လေယာဉ် ၂၉ စင်းအထိ ရပ်နားရန်သာ တိုးချဲ့ထားသော်လည်း လက်ရှိတွင် ညအိပ်ရပ်နားသည့် လေယာဉ် ၄၁ စင်းအထိ ရှိနေ


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်မှုအစီအစဉ်အရ လက်ရှိ လေယာဉ်၂၉ စင်းအထိ ရပ်နားရန် တိုးချဲ့ခဲ့ပြီးဖြစ်သော်လည်း ညအိပ်ရပ်နားသည့် လေယာဉ် ၄၁စင်းအထိ ရှိနေကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ယင်းကဲ့သို့ လေယာဉ်အစင်းရေ ပိုမိုရပ်နားနေမှုကြောင့် လေယာဉ်များ နေရာရွှေ့ပြောင်းခြင်းနှင့် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် လေယာဉ်များနှင့် လွတ်ကင်းမှုမရှိဘဲ မတော်တဆမှုများဖြစ်ပွားရန် ပိုမိုလွယ်ကူနေကြောင်း သိရသည်။

“ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့မှုအစီအစဉ်အရ လက်ရှိ လေယာဉ်  ၂၉ စင်း ညအိပ်ရပ်နားနိုင်ဖို့အထိ တိုးချဲ့တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ လေယာဉ်တွေ ညအိပ်ရပ်နားတဲ့အချိန်မှာတော့ စုစုပေါင်း လေယာဉ် ၄၁ စင်းအထိ ညအိပ် ရပ်နားနေပါတယ်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  ပြည်တွင်းလေကြောင်းလိုင်း အားလုံးနီးပါး၏ လေယာဉ်များမှာ ညအိပ်ရပ်နားပြီးမှသာ နံနက်ခရီးစဉ်များအား ပျံသန်းနေခြင်း ဖြစ်သည်။ ရန်ကုန်လေဆိပ်၌ ပြည်တွင်းလေကြောင်းလိုင်း ၁၀ ခုမှ ခရီးစဉ် ၂၆ ခုအား ပျံသန်းလျက်ရှိသည်။

ရန်ကုန်လေဆိပ်တွင် ညအိပ်ရပ်နားသည့် လေယာဉ်အစင်းရေ များပြားရခြင်းမှာ မန္တလေးနှင့် နေပြည်တော်လေဆိပ်များတွင် ညအိပ်ရပ်နားရမည့် လေကြောင်းလိုင်းအချို့မှ လေယာဉ်များပါ ရန်ကုန်လေဆိပ်တွင် ညအိပ် ရပ်နားလျက်ရှိခြင်းကြောင့် ဖြစ်သည်။ပြည်တွင်းလေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲလာခြင်းနှင့်အတူ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ညအိပ်ရပ်နားသည့် လေယာဉ်အစင်းရေ များပြားလာခြင်းများကြောင့် ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၃ ခုနှစ်မှ စတင်ကာ အသစ်တိုးချဲ့ပျံသန်းသည့် လေကြောင်းလိုင်းများအနေဖြင့် ရန်ကုန်အခြေစိုက် ပျံသန်းခြင်းအား ခွင့်မပြုတော့ဘဲ မန္တလေးနှင့် နေပြည်တော်လေဆိပ်များတွင်သာ အခြေစိုက်ပျံသန်းရန် ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် လက်ရှိအချိန်၌ ယင်းသို့ နေပြည်တော်နှင့် မန္တလေးအခြေစိုက် ပျံသန်းနေသည့် ပြည်တွင်းလေကြောင်းလိုင်းအချို့၏ လေယာဉ်များပါ ရန်ကုန်လေဆိပ်တွင် ညအိပ်ရပ်နားလျက်ရှိခြင်းအား လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ခွင့်ပြု လျက်ရှိသည်။

ရန်ကုန်လေဆိပ်၌ ညအိပ်ရပ်နားခွင့် မရှိသည့် ပြည်တွင်းလေကြောင်းလိုင်းများ၏ လေယာဉ်အချို့ကို ရန်ကုန်မှာ ရပ်နားခွင့်ပြုရခြင်းမှာ လေယာဉ်များအား နည်းပညာပိုင်းအရ ပြုပြင်ရန်လိုအပ်ခြင်းနှင့် အခြားအချက် များစွာကြောင့်ဟုဆိုကာ လေကြောင်းလိုင်းများ၏ တောင်းဆိုမှုကြောင့်ဖြစ်ကြောင်း သိရသည်။    

ရန်ကုန်လေဆိပ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ကိုင်ခွင့်ရရှိထားသည့် Yangon Aerodrome Services ကုမ္ပဏီသည် မတ်  ၁၂ ရက်က ဖွင့်လှစ်သည့် ခရီးသည် အဆောက်အအုံသစ် တိုးချဲ့တည်ဆောက်ခြင်းအပြင် ပြည်တွင်းခရီးသည် လေဆိပ်အဆောက်အအုံသစ် တိုးချဲ့တည်ဆောက်ခြင်း၊ လေယာဉ်ရပ်နားရာ Apron A  နှင့် Apron B များ တိုးချဲ့တည်ဆောက်ခြင်း၊ ကားရပ်နားရာ နေရာများ နှင့် လေဆိပ်အ၀င်လမ်းအား ခြောက်လမ်းသွားအဖြစ် တိုးချဲ့တည်ဆောက်ခြင်းများအား ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
Credit To >>> Eleven Media Group
                      

0 comments:

Post a Comment