29.3.16

ရုရှားနိုင်ငံ၌ မြန်မာ့ရိုးရာလက်ဝှေ့ သင်ယူနေသော နိုင်ငံခြားသား ၃,၀၀၀ ကျော်ရှိ

ရုရှားနိုင်ငံ၌ မြန်မာ့ ရိုးရာ လက်ဝှေ့ပညာရပ်ကို လေ့လာသင်ယူနေသော နိုင်ငံခြား သားအရေအတွက် ၃,၀၀၀ ကျော် ရှိကြောင်း ရုရှားနိုင်ငံလုံးဆိုင်ရာ မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗလာဒီမာကပြောသည်။

လက်ရှိတွင် ရုရှားနိုင်ငံ၌ မြန်မာ့ရိုးရာလက်ဝှေ့ အားကစား နည်းကို ရုရှား၊ အီတလီ၊ နယ် သာလန်၊ အမေရိကန်၊ ဂျာမနီ စသည့် နိုင်ငံများအပါအဝင် နိုင်ငံ ပေါင်း ၁၃ နိုင်ငံမှ နိုင်ငံခြားသား များက စိတ်ဝင်စားစွာ သင်ယူလျက်ရှိသော်လည်း အခြေခံနည်းစနစ်ကျကျ သင်ယူလေ့လာနိုင် ရန် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်၏ အကူအညီများ လိုအပ်လျက်ရှိကြောင်း ဗလာဒီမာကဆိုသည်။
‘‘ကမ္ဘာမှာ MMA က အကျော်ကြားဆုံးတွေထဲက တစ်ခုလို့ထင် တယ်။ ဒါပေမဲ့ အကာအကွယ်မဲ့ ထိုးသတ်ယှဉ်ပြိုင်ရတဲ့ မြန်မာ့ရိုး ရာလက်ဝှေ့က ပိုပြီးစိတ်လှုပ်ရှားဖို့ ကောင်းတယ်။ ရုရှားမှာ ရိုးရာလက်ဝှေ့ သင်ယူနေသူတွေ ၃,၀၀၀ ကျော် ရှိနေပါပြီ။ အခု မြန်မာနိုင်ငံဘက်က ဘယ်လိုကူညီမှုတွေ ပေးနိုင်မလဲဆိုတာ ဆွေးနွေးနေပါတယ်’’ဟု ဗလာဒီမာက ပြောသည်။
မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်က မြန်မာ့ရိုးရာလက်ဝှေ့ အားကစား ကမ္ဘာတွင် ပျံ့နှံ့နေခြင်းကို ဂုဏ် ယူပြီး ယခုထက် ပိုမိုတိုးတက် လာစေရန် လုပ်ဆောင်မည်ဟုဆို သည်။
‘‘ရုရှားမှာ ရိုးရာလက်ဝှေ့ သင်ယူနေသူ အများအပြား ရှိ တယ် သိရလို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ဂုဏ်ယူပါ တယ်။ အခု သူတို့ဘက်က မြန်မာ ပြည်က နည်းပြတွေ စေလွှတ်ပေး ဖို့ တောင်းဆိုထားတာရှိတယ်။ စရိတ်ငြိမ်းနဲ့ ကမ်းလှမ်းတာပါ။ ကုန်ကျစရိတ်အားလုံးကို သူတို့ ဘက်ကပဲ ကျခံမယ်ပေါ့။ တိုင်း တစ်ပါးမှာ အချိန်အကြာကြီး ဘယ်သူသွားနေနိုင်မလဲပေါ့။ ဒါပေမဲ့လည်း ကျွန်တော်တို့ ဆောင်ရွက်ပေးနိုင်ဖို့ ကြိုးပမ်းနေပါ တယ်’’ဟု ဦးသိန်းအောင်က ပြော သည်။
ရုရှားနှင့် မြန်မာနိုင်ငံ၏ ရိုးရာလက်ဝှေ့ ပူးပေါင်းဆောင်ရွက်မှုအဖြစ် လာမည့် ဧပြီ ၂ ရက်တွင် Max Thingyan Fight မြန်မာ-ရုရှား ချန်ပီယံများ၏ ရိုးရာလက် ဝှေ့ပြိုင်ပွဲကို သိမ်ဖြူအားကစားရုံ၌ မြန်မာမီဒီယာဂရု(ပ်)မှ စီစဉ်ကျင်း ပမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် မျိုးဆက် သစ် လေးချီတွဲဆိုင်းနှစ်ခုနှင့် ငါးချီတွဲဆိုင်း ငါးခုကို ထည့်သွင်းကျင်းပမည်ဖြစ်သည်။
 အဓိကတွဲဆိုင်းများအဖြစ် ဒဂုံရွှေအောင်လံဆုနှင့် ဆီးဂိမ်းရွှေဆုရှင် မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်း(မြန်မာ)နှင့် လုဝခ်ဒိုခိုယန်(ရုရှား)၊ ဒဂုံရွှေအောင်လံနှင့် ဆီးဂိမ်းရွှေဆုရှင် တူးတူး(မြန်မာ)နှင့် ရုရှားနိုင်ငံလုံးဆိုင်ရာ မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံ ဆပ်ရှာကော့ဗ်(ရုရှား)တို့ ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment