29.3.16

ရန်ကုန်မြေဈေးကြီးမြင့်ခြင်းကြောင့် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရန် အခက်အခဲဖြစ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာလိုအပ်ချက် ဖြည့်ဆည်းနိုင်ရန် တန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်နေသော်လည်း မြေဈေးကြီးမြင့်ခြင်းက အကြီးမားဆုံး အခက်အခဲဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဒေါက်တာတိုးအောင်က ပြောကြားသည်။

"ကျွန်တော်တို့ဆောက်တဲ့ တန်ဖိုးမျှအိမ်ရာတွေရဲ့တန်ဖိုးက ကျပ်သိန်း ၃ဝဝ လောက်ဖြစ်နေတော့ တကယ်ဝင်ငွေနည်းတဲ့သူတွေအတွက် ဝယ်ဖို့အဆင်မပြေပါဘူး”ဟု ၎င်းကပြောဆိုသည်။
လက်ရှိ ရန်ကုန်မြို့တော်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်မှ မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့က တန်ဖိုးသင့်၊ တန်ဖိုးမျှတနှင့် တန်ဖိုးနည်းအိမ်ရာများကို ဖော်ဆောင်ပေးလျက် ရှိသော်လည်း အခြေခံ လူတန်းစားများ ဝယ်ယူနိုင်ခြင်း မရှိကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။
လတ်တလော ရန်ကုန်မြို့ပြင်တွင် လွတ်လပ်လျက်ရှိသည့် မြေလွတ်၊ မြေရိုင်းများဟု ထင်ရသည့် မြေနေရာများတွင်လည်း ပိုင်ရှင်များရှိနှင့်လျက်ရှိပြီး ယင်းမြေများပေါ်တွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန်မှာလည်း လက်ရှိကာလ ပေါက်ဈေးဖြင့် မြေတန်ဖိုးပေးချေရမည် ဖြစ်ခြင်းကြောင့် ကုန်ကျစရိတ်မြင့်မားနိုင်သည့်အတွက် အိမ်ရာတန်ဖိုးများပါ လိုက်ပါမြင့်တက်သွားနိုင်ကြောင်း ဒေါက်တာတိုးအောင်ကဆိုသည်။
ရန်ကုန်မြို့တွင် တန်ဖိုးနည်း၊ တန်ဖိုးမျှတနှင့် တန်ဖိုးသင့်အိမ်ရာများအဖြစ် ဗိုလ်ဗထူး၊ ဗိုလ်မင်းရောင်၊ ရွှေလင်ဗန်းတို့၏ တိုက်ခန်းများကို အရစ်ကျစနစ်များနှင့် လက်ငင်းငွေချေစနစ်များဖြင့် ရောင်းချထားပြီး ထပ်မံရောင်းချနိုင်ရန် ဧရာဝဏ်နှင့် ရတနာတိုက်ခန်းများအတွက်လည်း လျှောက်လွှာများ ခေါ်ယူလျက်ရှိကြောင်း အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ထံမှ သိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment