31.3.16

အရင်းဈေးထက် တစ်ပိဿာကျပ် ၂၅ဝ ဈေးမြင့်သော်လည်း လက်လီသာရောင်းချ၍ ဈေးကွက်တွင်ဆီဝယ်ယူရန်အခက်အခဲဖြစ်

ရန်ကုန်ဆီဈေးကွက်တွင် ဆီရောင်းသည့်ပွဲရုံများ၊ ပြည်ပမှ ဆီတင်သွင်း သူများအနက်အများစုမှာ ရောင်းချခြင်း မရှိသည်မှာ ရက်အတန်ကြာသည့်အတွက် ပြည်ပဆီဈေးနှုန်းတက်ချိန် တွင် ယခင်ယူနေကျအမြတ်ထက် များစွာဈေးတင် ရောင်းချမှုရှိလာသည်။

မတ် ၂၉ ရက် ပြည်ပစားအုန်းဆီ FOB တစ်တန်ဈေးနှုန်းမှာ ၇၁၅ ဒေါ်လာ၊ ငွေလဲနှုန်းကျပ် ၁၂၁၆ ဖြင့် ဆိပ်ကမ်းရောက်တစ်ပိဿာ အရင်းဈေးမှာ ကျပ် ၁၆၃ဝ ဖြစ်သည်။ မတ် ၂၉ ရက်နေ့ ရန်ကုန်ဆီဈေး ကွက်တွင် စားအုန်းဆီဝယ်ယူရာတွင် တစ်ပိဿာလျှင် ကျပ် ၁၈ဝဝ နှုန်းဖြင့် ရောင်းသည်ဆိုသော်လည်း ဝယ်နေကျသူများကိုသာ တစ်ပီပါ၊ နှစ်ပီပါ ရောင်းချမှုရှိသည်။ နယ်မှ ပုံမှန်ဝယ်နေကျ ကုန်သည်များ ရန်ကုန်ဈေးကွက်၌ ဆီဝယ်ယူရာတွင် အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု သိရသည်။
ယနေ့ ရန်ကုန်ဈေးကွက်တွင် ရှိသောဆီများမှာ မတ်လ တတိယပတ်အတွင်း ပြည်ပမှဝယ်ယူထားသော ဆီများဖြစ်ပြီး ဆိပ်ကမ်းရောက် တစ်ပိဿာ အရင်းဈေးမှာ ပျမ်းမျှ ကျပ် ၁၅၅ဝ သာရှိသည်။ သို့ဖြစ်ရာ မတ် ၂၉ ရက် ဈေးကွက်တွင် ဆိပ်ကမ်းရောက် အရင်းဈေးထက် Do ဆီထုတ်ယူခွင့် စာရွက်ဈေးမှာ ကျပ် ၁၇၅ဝ ဖြစ်ပြီး လက်ငင်း ဆီဝယ်ယူရာတွင် ဆီဈေးဖွင့်ပြီး ပုံမှန်ရောင်းဝယ်သူ မရှိသလောက်ဖြစ်နေသည်။ ဝယ်ယူ ရောင်းသူ နှစ်ဦး သဘောတူ ဈေးသက်မှတ်ရောင်းချနေရာ တစ်ပိဿာ ကျပ် ၁၉ဝဝ ဝန်းကျင်ရှိသည်ဟု ဆီဈေးကွက်မှ စုံစမ်းသိရသည်။
ယခုရက်ပိုင်း ရန်ကုန်ဆိပ်ကမ်းသို့ ပင်လယ်ကူးကုန်တင်၊ ကုန်ချသင်္ဘော အဝင်၊ အထွက် မတ် ၂၅ ရက်နေ့ ကောက်ယူထားသော စာရင်းအရ စားအုန်းဆီတန်ချိန် ၄၂၅ဝ တင် ဆောင်လာသော သင်္ဘောနှစ်စီး၊ ၄၂ဝဝ တန်ချိန်ပါ တစ်စီး၊ ၄၃ဝဝ တန်ချိန်ပါတစ်စီး ဆိုက်ကပ်မှုရှိမည်ဟု သိရသည်။
ပြည်ပမှ ဆီသင်္ဘောများ အဝင်ရှိ ခြင်း၊ ပင်လယ်ဝတွင် ဆီကန် အခက်အခဲကြောင့် ဆီချရန်စောင့်ဆိုင်းနေရခြင်း သတင်းများထွက်ပေါ်နေသော်လည်း ပြည်တွင်းစားအုန်းဆီ ဈေးကွက်တွင် ဈေးနှုန်းများပုံမှန်အနေ အထားထက်လွန်ကဲသော ဈေးတက်ခြင်းများ မြင်တွေ့နေရသည်။
၂ဝ၁၁ ခုနှစ် ဧပြီလ၏ လကုန်ပိုင်းနှင့် မေလဆန်းတွင် ပြည်တွင်း လက်ကျန်စားအုန်းဆီ နည်း၍ဆိုကာ တစ်ပိဿာလက်ကားဈေးနှုန်း ကျပ် ၂၉ဝဝ ထိဈေးမြင့် တက်ခဲ့သည်။ စားအုန်းဆီတင်သွင်း ရေးမူဝါဒအသစ်ချမှတ်ပြီး ပြည်တွင်း သို့စားအုန်းဆီ တစ်ဦးတည်း တင်သွင်းမှုမှ ပြည်ပပို့ကုန် ဝင်ငွေရှိ သူတိုင်းအား လွတ်လပ်စွာတင်သွင်းခွင့်ပြုခဲ့သည်။ သို့ဖြစ်ရာ ပြည်တွင်း ဆီဈေးကွက်တွင် ပြည်ပမှတင်သွင်းလာသော အရင်းဈေးထက်ကွာခြားမှု နည်းသော ဈေးနှုန်းဖြင့်စားသုံးသူများ ဝယ်ယူခွင့်ရရှိခဲ့သည်။
ဆီသင်္ဘောအဝင်မရှိခြင်း၊ ဆီကန်မှ ဆီထွက်မရခြင်း အကြောင်းပြု၍သာ ဆီဈေးကွက်တွင် ဆီဈေးနှုန်းမြင့်တက် မှုရှိတတ်သည်။ သို့သော် ရက်ပိုင်းသာ ကြာမြင့်ပြီး ပုံမှန်ဖြစ်လေ့ရှိသည်။
လွယ်လပ်စွာ ဆီတင်သွင်းခွင့်ပြု သော မူဝါဒတွင် ပြည်တွင်းဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်စေရမည်ဟု ပါရှိသော်လည်း လိုက်နာမှု အားနည်းသည့်အတွက် ဆီဈေးနှုန်းများဖြစ်သင့်သည်ထက် ပိုမိုမြင့်တက် လာခြင်းဖြစ်သည်ဟု နေ့စဉ် ဆီဝယ်ယူနေသူတစ်ဦးက သုံးသပ်ပြောဆိုသည်။
ဆီဈေးကွက်တွင် ကြိုရောင်း၊ ကြိုဝယ်မှုများရှိရာ ဖေဖော်ဝါရီလကုန် ကြိုရောင်း၊ ကြိုဝယ်စာရင်းရှင်းရာဝယ် ထွက်ပြေးတိမ်းရှောင်သွားသည့် ကြိုရောင်းသမား တစ်ဦးရှိခဲ့သည်။ ကြိုရောင်းဈေးထက် တစ်ပိဿာလျှင် ကျပ် ၁ဝဝ ဝန်းကျင် ဈေးမြင့်သည့်အတွက် ဆီတစ်ပီပါလျှင် ကျပ်တစ် သောင်းဝန်းကျင်နှင့် စရန်ငွေများ ဆုံးရှုံးမှုတွေ ကြုံခဲ့ရသည်။
ယင်းပုဂ္ဂိုလ်နှင့် ပတ်သက်၍ အရောင်းအဝယ် ပြုလုပ်ထားသူများ၊ ဆီအသင်းသားများ တွေ့ဆုံမည့် အစည်းအဝေးကို မတ် ၃ဝ ရက် တွင်ပြုလုပ်ရန်ရှိသည်ဟု အသင်းရုံး ရှေ့တွင် အသိပေးစာကပ်ထားသည်။ ဆီဈေးကွက်တွင်ကြိုရောင်း၊ ကြိုဝယ် မလုပ်ရန် ပြောကြားမှုရှိသော်လည်းနှစ်ဆန်းပိုင်းကတည်းက ဇွန်နှင့် ဇူလိုင်လဝန်းကျင်ထိလစဉ် လကုန်အပ်ကြိုရောင်း၊ ကြိုဝယ်မှုများရှိ ထားသည်။
ဆီဈေးနှုန်းအဆမတန် မြင့်လာသဖြင့် တစ်ပိဿာ ကျပ်တစ်ရာ ကွာခြားမြင့်တက် ချိန်တွင်ပင် ကြိုရောင်းသူတစ်ဦး စာရင်းမရှင်း ထွက်ပြေးတိမ်းရှောင်မှု ရှိခဲ့သည်။ ယခုကဲ့သို့အရင်းဈေးထက်တစ်ပိဿာ ကျပ် ၂၅ဝ ဝန်းကျင်ဈေးမြင့်ချိန် မတ်လကုန် စာရင်းရှင်းအပ်ချိန်တွင် စာရင်းမရှင်းဘဲ ရှောင်တိမ်းသူများ ထပ်မံရှိလာမည်ဟု ဆီရောင်းဝယ် သူများက ပြောဆိုနေသည်။
စားသုံးသူများ ဝယ်ယူသုံးစွဲရာတွင် ဈေးနှုန်ကြီးမြင့်မှုမဖြစ်ပေါ်ရန် ၂ဝ၁၁ ခုနှစ် မေလဆန်း ဝန်းကျင်တွင် စားအုန်းဆီ တင်သွင်းရေးမူဝါဒသစ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ၂ဝ၁၆ မတ်လ အတွင်းတွင် ပြည်ပမှ ဆီတင်သွင်း သူအချို့ ဆီဈေးကွက်မှ ဆီရောင်းဝယ်သူများ ပြည်တွင်းစားအုန်းဆီ တည်ငြိမ်ရေးကို လိုက်နာမှုအားနည်းလာသည်။ သို့ဖြစ်ရာ ဈေးကွက်တွင် ပြည်ပမှတင်သွင်းသော ဆီသင်္ဘောများရှိသော်လည်း ဈေးနှုန်းမြင့်တက်မှု ကြုံတွေ့ရသည်။
ဆီထုတ်ယူရာတွင် အခက်အခဲ ရှိခြင်း၊ ပြည်ပဆီဈေးတက်ခြင်း၊ အကြောင်းပြလျက် ဈေးကွက်တွင် အရောင်းပိတ်ထားမှု ရက်ရှည်လာခြင်း၊ ရောင်းချသော်လည်း စတိသဘောမျိုးသာ ရှိခြင်းကြောင့် ဆီဈေးနှုန်းများ မြင့်တက်လာပြီး ဆိပ်ကမ်းရောက် အရင်းဈေးနှုန်းထက် များစွာများပြားသော အကျိုးအမြတ်များကို ပြည်ပမှဆီတင်သွင်းသူနှင့် ဆီလက်ဝယ်ရှိသူများ ရရှိနေသည်။
သို့သော် ပြည်တွင်းတွင် စားအုန်းဆီ ပြန်လည်ရောင်းချသူများ၊ ဆီအသုံးပြုလုပ်ငန်း လုပ်ကိုင်သူများ၊ စားသုံးသူများ အခက်အခဲ နှင့် တွေကြုံနေရကာ ဈေးကြီးမြင့် မှုများ ရင်ဆိုင်တွေ့နေရသည်ဟု ဆိုသည်။ ယနေ့ ဈေးဖြင့်ဆိုလျှင် ဆီတစ်တန်လျှင် အကျိုးအမြတ် ကျပ်တစ်သိန်းဝန်းကျင် ရရှိနေသည် ဟု သိရသည်။
Credit  To >>> The Mirror Daily 

0 comments:

Post a Comment